Tuesday, May 19, 2020

စာသင်ကျောင်းများအန္တရာယ်ကင်းစွာပြန်လည် ဖွင့်လှစ်နိုင်တော့မည်လား


Image may contain: 2 people, people standing and outdoor
ဇူလိုင်လမှာ စာသင်ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်တော့မယ်ဆိုတဲ့သတင်းကြောင့် ကျောင်းသားမိဘတွေကမိမိကလေးတွေ ကိုဗစ်အန္တရာယ်မှကင်းနိုင်ပါ့မလားလို့စိုးရိမ်ပူပန်နေကြရပါတယ်။
အမှန်တကယ်တော့ စာသင်ကျောင်းတွေကို ပိတ်ထားတဲ့အတွက် မိဘတွေက လုပ်ငန်းခွင်ထဲပြန်ဝင်ဖို့ အခက်အခဲရှိပါတယ်။ ကလေးတွေကလည်းပညာရေးမှာလစ်ဟင်းကြပါတယ်။ ဒါတင်မကပါဘူး။ ကလေးတွေစာသင်ကျောင်းကရတဲ့ အကျိုးကျေးဇူးက ပညာရတာထက်ပိုများပါတယ်။ သူတို့တွေကြီးထွားဖွံ့ဖြိုးမှုကောင်းအောင်၊ အပြုအမူအကျင့်ကောင်းရရှိအောင်၊ ပေါင်းသင်းဆက်ဆံရေးကောင်းအောင်၊ အပေးအယူလုပ်တတ်အောင်၊ စုပေါင်းပြီးလုပ်တတ်လာအောင်၊ မိမိဘာသာအစားအစာစားတတ်အောင်၊ ဘာသာစကားကျွမ်းကျင်အောင်နဲ့ ပန်းချီ၊ ဂီတ၊ အားကစား၊ စာပေ အစရှိတဲ့ ကလေးတွေဝါသနာပါရာမှာ ကျွမ်းကျင်အောင် စာသင်ကျောင်းက သင်ကြားလေ့ကျင့်ပေးနိုင်ပါတယ်။


မကြာခင်က လေ့လာမှုတွေအရ ကလေးတွေက ကိုဗစ် ၁၉ ရောဂါဖြစ်နိုင်ခြေနည်းပါးပြီး ကူးစက်ခံခဲ့ရရင်လည်း နည်းနည်းပါးပါးသာ ဝေဒနာခံစားရတယ်လို့သိရပါတယ်
ဒါပေမဲ့ နယူးယောက်မြို့က ကလေး ၃၈ ယောက်မှာ ကိုဗစ်ဗိုင်းရပ်စ်နဲ့ဆက်စပ်နေတဲ့ ဆိုးရွားတဲ့ရောင်ရမ်းမှုအခြေအနေဖြစ်ပေါ်ပြီးနောက် ကာဝါစကီရောဂါနဲ့ Toxic shock syndrome ရရှိပြီး အဲဒီရောဂါကြောင့်ပဲ ကလေး သုံးယောက် သေဆုံးသွားတယ်လို့သိရပါတယ်။

မိမိကလေးမှာ ကိုဗစ်ပိုးကူးစက်ခံရလို့ ဝေဒနာမခံစားရရင်တောင် သူကတစ်ဆင့် မိဘ၊ ဆရာမနဲ့ သူ့ကိုကြည့်ရှုစောင့်ရှောက်သူတွေကိုပါ ကူးစက်နိုင်ပါတယ်။
ဒါပေမဲ့ မိမိနိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းကို ထိန်းချုပ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ မတ်လအတွင်းက တွေ့ရှိခဲ့တဲ့ လူနာနံပါတ်တစ်အပါအဝင် အနောက်နိုင်ငံနဲ့ စင်ကာပူကတစ်ဆင့် ကူးစက်ခံရသူနဲ့ သူတို့နဲ့ ဆက်စပ်လူနာတွေက ကုန်သလောက်ရှိနေပြီလို့ ထင်ရပါတယ်။ အခုနောက်ပိုင်း ပိုးတွေ့လူနာတွေက Q လုပ်ထားတဲ့ပြည်တော်ပြန်(မလေးရှားပြန်)တွေဆီကပါ။ ပြည်တော်ပြန်အားလုံးကို Q လုပ်ထားတဲ့အတွက် သူတို့ဆီကတစ်ဆင့် ပြန်ကူးစက်မှာကို မစိုးရိမ်ရတဲ့အတွက် များမကြာခင်မှာပဲ မိမိနိုင်ငံက ပိုးကင်းစင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
ဘာပဲဖြစ်ဖြစ် စာသင်ကျောင်းတွေကိုပြန်ဖွင့်တော့မယ်ဆိုရင် ပညာရေးဌာနနဲ့ကျန်းမာရေးဌာနပူးပေါင်းပြီး ရပ်ကွက် အလိုက်ပုဂ္ဂလိကကျောင်းတစ်ကျောင်းချင်းစီအလိုက် ကျန်းမာရေးနဲ့ညီညွတ်မှုရှိသလားဆိုတာကို လိုက်စစ်ဆေးသင့်ပါတယ်။

စာသင်ခန်းနဲ့ အားကစားခန်းမအတွင်း ကလေးတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အကွာအဝေးထားဖို့ သတ်မှတ်ထားသလဲ၊ ထမင်းနဲ့ မုန့်စားဖို့ ဘယ်လိုစီစဉ်ထားသလဲနဲ့ အကယ်၍များရောဂါကူးစက်နှုန်းပြန်မြင့်လာရင် ဘယ်အချိန်မှာကျောင်းပြန်ပိတ်မလဲဆိုတဲ့စီမံကိန်းတွေကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။
အစိုးရကျောင်းတွေကိုတော့ ဆရာနဲ့ကျောင်းသားတွေ mask တပ်ထားဖို့၊ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာ ခွဲထားဖို့၊ ထမင်းစားရင်လည်း ခွာပြီး စားနိုင်ဖို့၊ အဖျားတိုင်းကိရိယာနဲ့ လက်ဆေးဆပ်ပြာ၊ လက်သန့်စင်ဆေးရည်တွေ အလုံအလောက်ထားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

စာသင်ကျောင်းတွေကိုပြန်မဖွင့်ခင် အောက်ပါတို့ကို ကြိုတင်ပြုလုပ်ဖို့အကြံပေးချင်ပါတယ်။

၁။ ရောဂါအတွက် ဘယ်လောက်အရေအတွက်အထိ စစ်ဆေးနိုင်သလဲနဲ့ ရောဂါရှိသူနဲ့ဆက်စပ်သူတွေကိုရှာဖွေပါ။
အခုတစ်နေ့တစ်နေ့ကို လူ လေးငါးရာလောက်စစ်ဆေးနေပါတယ်။ လူအများကြီးစစ်ဆေးနိုင်တဲ့စက်တွေလည်း ပြည်တွင်းမှာရှိပါတယ်။
ရောဂါရှိသူနဲ့ဆက်စပ်သူ Contact tracing ကိုလည်း ကောင်းကောင်းလုပ်နိုင်ကြပါတယ်။

၂။ ရောဂါကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေဖြစ်တဲ့ စာသင်ခန်းနဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဆေးဖျန်းတာ၊ ကလေးတွေနဲ့ ဝန်ထမ်းတွေကို အဖျားတိုင်းတာစစ်ဆေးတာ၊ Mask အသုံးပြုခိုင်းတာ၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာ ခွဲထားတာ၊ ကျောင်းသားနဲ့ဆရာမအပါအဝင် ဝန်ထမ်းတွေအချင်းချင်းထိတွေ့မှုကို ကန့်သတ်ထားတာ၊ ကိုဗစ်ဖြစ်တယ်လို့သံသယရှိရင် စစ်ဆေးကြည့်နိုင်တာမျိုးတွေ အဆင်သင့်ဖြစ်နေရပါမယ်။

၃။ Mask တပ်ဖို့ အခက်အခဲရှိနိုင်တဲ့ မူကြို၊ မူလတန်းနဲ့ ဆယ်ကျော်သက်အရွယ် ငါးတန်းခြောက်တန်းကလေးတွေအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေကို တစ်ပြိုင်နက် ဖွင့်မလား၊ ကာလအချိန် ခွဲပြီးဖွင့်မလားဆိုတဲ့ အစီအစဉ်ကိုလည်း ကြိုပြီးတွေးတောထားပါ။

၄။ ကျောင်းတွင်းမှာ အဖျားတိုင်းသာမိုမီတာ၊ လက်သန့်စင်ဆေးရည်၊ ဆပ်ပြာတွေကို အလွယ်တကူရရှိနိုင်အောင်စီစဉ်ထားရပါမယ်။

၅။ ကျောင်းကမုန့်ဆိုင်တွေအတွက် စီမံချက်နဲ့ ကျောင်းကားစီးသူတွေအတွက် ကိုဗစ်ကာကွယ်နိုင်ရေးကိုလည်း စီစဉ်ထားရပါမယ်။

၆။ တစ်ပတ် ၃ ရက်ဖွင့်၊ ၄ ရက်ဖွင့်လုပ်ဖို့အစီအစဉ်နဲ့ စာသင်ချိန်လျော့ချတဲ့အစီအစဉ်တွေလုပ်ဖို့အတွက် ကြိုတင် စိတ်ကူးထားပါ။

၇။ ကျန်းမာရေးပိုင်းအရဆိုရင်တော့ ကလေးနဲ့ ကျောင်းကဆရာမအပါအဝင်ဝန်ထမ်းတွေက ကျောင်းမဖွင့်ခင်မှာ ကျန်းမာရေးကောင်းနေရပါမယ်။ ကိုဗစ်ရောဂါရှိသူ၊ ပိုးရှိနေသူတွေနဲ့ ထိတွေ့မှု မရှိသူဖြစ်နေရပါမယ်။ဒီအချိန်မှာ ရောဂါတစ်ခုခု ရှိနေကြလို့ကျောင်းကို မလွှတ်နိုင်သေးတဲ့ကလေးတွေအတွက် ပြုလုပ်ပေးနိုင်မယ့် အစီအစဉ်လည်း ရေးဆွဲထားပါ။

၈။ အားကစားနဲ့ တစ်ခြားလှုပ်ရှားမှု တွေအတွက်ထားမယ့်အစီအစဉ်တွေကိုကြိုတင်စဉ်းစားထားပါ။

ကျောင်းပြန်ဖွင့်တာနဲ့ပတ်သက်ပြီး တခြားနိုင်ငံကလုပ်ဆောင်ချက်တွေကို သိရှိနိုင်ဖို့ ဗဟုသုတမျှဝေပေးလိုက်ပါတယ်။

#တရုတ်နိုင်ငံမှာတော့ ကျောင်းဝင်းအတွင်းမဝင်ခင်မှာ ကျောင်းသားတွေကိုအဖျားတိုင်းတာ၊ စားသောက်ခန်းကစားပွဲတွေကို ပလတ်စတစ်နဲ့ အကန့်ကန့်ထားတာမျိုးကိုပြုလုပ်ကြပါတယ်။

#ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာတော့ စာသင်ကျောင်းတွေကို တစ်ဆင့်ချင်းဖွင့်ပါတယ်။ အတန်းသားလေးပုံတစ်ပုံစီကို တစ်ပတ် တစ်ရက်နှုန်းကျောင်းတက်ခိုင်းပါတယ်။

#ထိုင်ဝမ်မှာတော့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ကျောင်းပြန်ဖွင့်နေပါတယ်။ ကျောင်းသားအားလုံး Mask တပ်ထားရပြီး စုဝေးမှု လုံးဝမပြုလုပ်ရပါ။

#ဂျာမနီနိုင်ငံမှာ ယခုလအတွင်း စာသင်ကျောင်းတွေပြန်ဖွင့်ပါတော့မယ်။ တစ်ခန်းကို ကျောင်းသားတစ်ဝက်ခန့်သာလက်ခံပါမယ်။ နားနေချိန်ကို အလှည့်ကျစနစ်ပေးမှာဖြစ်ပြီး Hall ခန်းကိုဝင်ဖို့ တစ်လမ်းပဲဖွင့်ပေးပါမယ်။ ဆရာ၊ ဆရာမတွေက Mask တပ်ထားရပါမယ်။ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားမှာမို့ ကျောင်းသားကျောင်းသူတွေ နွေးနွေးထွေးထွေးရှိအောင် ဝတ်စားဆင်ယင်ဖို့ တိုက်တွန်းထားပါတယ်။
ဒီနေ့မနက် အမေစုနဲ့ကျောင်းသားမိဘ၊ ကျောင်းဆရာမ၊ ပညာရေးဌာနက လူတွေ online ကဆွေးနွေးပြောကြားသွားတာကို နားထောင်ချက်အရ ကျောင်းပြန်ဖွင့်ဖို့ အတော်လေးပြင်ဆင်ထားပြီး စနစ်တစ်ကျပြုလုပ်နေကြတယ်လို့ သိရပါတယ်။

အမေစုက ကိုဗစ်နဲ့ပတ်သက်ပြီး သူတို့အားကြရတဲ့မြန်မာပြည်နဲ့အခြေအနေချင်းတူညီမှုရှိတဲ့၊ မကြာခင်မှာစာသင်ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်တော့မယ့်ဗီယက်နမ်နိုင်ငံကို အတုယူလေ့လာပြီး လုပ်ဆောင်မယ်လို့တော့ ပြောကြားသွားပါတယ်။

သူ့အနေနဲ့ အခုဦးတည်နေတဲ့ပညာရေးက ဘွဲ့ရရုံသက်သက်မဟုတ်ဘဲ မိမိအတွက်၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံနဲ့ကမ္ဘာအတွက်ပါ အကျိုးပြုနိုင်မယ့်အထိ ရည်မှန်းထားပါတယ်တဲ့။ အခုလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ပညာတွေကို လေ့လာသင်ယူနေပြီး ပညာရှင်တွေ၊ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်နေတာမို့ သူ့အနေနဲ့ ဘာလုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်ချက် ပြုလုပ်နိုင်မှာပါ။

ဆရာဆရာမနဲ့ ကျောင်းသားမိဘတွေကိုလည်း ကိုဗစ်နဲ့ပတ်သက်တဲ့အသိပညာတွေကိုပေးသွားမှာဖြစ်တာမို့ နိုင်ငံတော်အတိုင်ပင်ခံကကျောင်းပြန်ဖွင့်ဖို့ ဆုံးဖြတ်ရင် သူတို့အနေနဲ့ ကလေးတွေ အန္တရာယ်ကင်းဖို့ အတော်လေးစနစ်တစ်ကျပြုလုပ်ထားမှာဖြစ်တာမို့ ယုံကြည်လိုက်ကြပါ။
Source - ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment