
ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ အထူးကြပ်မတ်ကုသမှုခံယူနေသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ Case 144 အား ၄၈နာရီအကြာတွင် ထပ်မံစစ်ဆေး၍ ပိုးထပ်မတွေ့တော့ပါက ဆေးရုံက ဆင်းခွင့်ရတော့မည် ဖြစ်ကြောင်း မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ယင်းလူနာ အမှတ် ၁၄၄သည် မိုးညင်းပြည်သူ့ဆေးရုံကြီးတွင်တွေ့ ရှိခဲ့သည့် လူနာဖြစ်ပြီး ယမန်နေ့ မေ(၅)ရက်နေ့က စစ်ဆေးချက် အဖြေအရ Negative ထွက်ထားပြီ ၄၈နာရီအကြာ၌ ထပ်မံစစ်ဆေး၍ Negative ဖြစ်ပါက ဆေးရုံက ဆင်းခွင့်ရတော့ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ဆိုသည်။
"သူကို ဒုတိယအကြိမ်ထပ်စစ်ရအုံးမယ်နှစ်ကြိမ်လုံး Negativeဖြစ်မှ သူ့ကိုဆေးရုံက ဆင်းခွင့်ပေးမယ်။ မနက်ဖြန်လောက်ဖြစ်မယ်။ မနက်ဖြန်လောက် အဖြေပေါ်မယ်။'' ဟု ဒေါက်တာဘုန်းမော် က ပြောသည်။
မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၅ရက်နေ့က ပို့ဆောင်ထားသည့် ယင်းလူနာသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မိုးညင်းသို့ ပြန်လာချိန်တွင် Quarantine အဖြစ် ထားရှိရာမှ COVID-19 ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဧပြီ ၂၄ ရက် ညပိုင်း ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ အမျိုးသားဓါတ်ခွဲဌာနသို့ ပိုးစစ်ဆေးရန် ပို့ထားသည့်သူ မရှိသေးကြောင်းလည်း သိရသည်။

သတင်း - လွမ်းအောင်
Crd : EPN






0 comments:
Post a Comment