Tuesday, August 4, 2020

မိတ္ထီလာတွင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ပြီး ငွေလိမ်လည်သူနှစ်ဦးကို ဖမ်းဆီးရမိ

မိတ္ထီလာမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ငွေလိမ်လည်သူနှစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ယနေ့သြဂုတ် ၄ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁ ရက် မွန်းလွဲ၃နာရီခွဲခန့်တွင် မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာအရှေ့ဘက် ကျောက်ပန်း တောင်းကားလမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ခုသိ့ု အမည်မသိအမျိုးသား နှစ်ဦးရောက်လာကာ ၎င်းတို့သည် လျှပ်စစ်ဌာနမှဖြစ်ကြောင်း၊ ဆိုင်တွင် မီတာဘောက်တပ်ဆင်ပေးပြီး မီးအဆင်ပြေမည်ဖြစ်ကြောင်း၊ ငွေကျပ် ၅၂၀၀၀၀ ခန့်မှန်းကုန်ကျမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမည်မသိအမျိုးသားနှစ်ဦးက ထိုသို့ပြောသဖြင့် ငွေ ၆ သိန်းထုတ်ပေးရန် ဆိုင်ရှင်က မန်နေဂျာ ကိုထွန်းထွန်းဦးကို စေခိုင်းခဲ့သည်။
လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်အတွက် ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတစ်ဦးတို့က အမည်မသိအမျိုးသားနှစ်ဦးနှင့်အတူ ဆိုင်ကယ်(၁)စီးဖြင့် ထွက်လာခဲ့သည်။
ထိုသို့ ထွက်လာခဲ့ရာ မိတ္ထီလာမြို့အထွက် မြို့သစ်ရပ်ကွက်ဘီးခွန်ဂိတ်အကျော်လမ်းဘေး၌ အဆိုပါ လူနှစ်ဦးက ဆိုင်ကယ်ရပ်ကာ လမ်းတောင်ဘက်ရှိ နေအိမ်ကို လက်ညိုးထိုးပြပြီး အဆိုပါနေအိမ်တွင် မီးကြိုး၊ ကြွေသီးများသွားယူရန် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းတို့ကိုစေလွှတ်ကာ ၎င်းတို့ ၂ ဦးက ဓာတ်တိုင်သွားသယ်မည်ဟုပြော၍ ငွေကျပ် ၆ သိန်း တောင်းယူသွားခဲ့သည်။
ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတို့က မီးကြိုး၊ ကြွေသီးယူရန် အဆိုပါနေအိမ်ကို သွားရောက်ခဲ့ရာ အမည်မသိအမျိုးသားနှစ်ဦးက မဟုတ်မမှန်လိမ်လည်ပြောဆိုသည်ကို သိရှိခဲ့ကြောင်း၊လမ်းပေါ်သို့ ပြန်လာစဉ် အမည်မသိအမျိုးသားနှစ်ဦးမှာလည်းမရှိတော့သည်ကို တွေ့ရသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း၊ထိုသို့ လိုက်လံရှာဖွေရာ ပြည်သာယာရပ်ကွက်လမ်းဘေးရှိ စားသောက်ဆိုင်ရှေ့၌ DTအဖြူရောင်ဆိုင်ကယ်ရပ်ထားသည်ကို မြင်တွေ့ခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်အတွင်းဝင်ရောက်ကြည့်ရှုရာ ငွေလိမ်လည်သွားသူ အမည်မသိအမျိုးသားနှစ်ဦးကိုတွေ့ရသဖြင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ ပြင်ဦးလွင်မြို့နယ်နေ မိုးအောင်(ခ)ရှမ်းလေး(၃၈ နှစ်)နှင့် တင်ကိုဦး(ခ) အာလူး(၂၄ နှစ်)တို့ ဖြစ်ကြောင်းသိရှိခဲ့သဖြင့် လျှပ်စစ်ဝန်ထမ်းအယောင်ဆောင်ကာ ငွေကျပ် ၆ သိန်း လိမ်လည်တောင်းယူသွားသူ ၎င်းတို့ ၂ ဦးကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းက (ပ)၃၆၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၄၂၀ အရ အမှုဖွင့် အရေးယူထားသည်။
Crd : Myanmar Times

0 comments:

Post a Comment