ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်၊အိပ်ပျက်ကျေးရွာအုပ်စု၊ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာမှာ ယနေ့(သြဂုတ်လ ၄ ရက်)မနက် ၉ နာရီ ၁၅ မိနစ်က ကျိုးပေါက်ခဲ့ပြီး လူနေအိမ် ၆၀ နီးပါး အလျှင်အမြန်ပြောင်းရွေ့ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။
ဦးမိုးလေးဖြတ်တာသည် ပြီးခဲ့သည့်ရက်များက စတင်ကာ ကျိုးပေါက်မည့် အခြေအနေကြုံတွေ့နေရာမှ ဒီကနေ့မနက် ၇ နာရီမှစတင်ကာ ရေစိမ့်ပေါက်မှ ရေများပန်းထွက်ပြီး တာကျိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသကိုရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
"မနက် ၇ နာရီလောက်က ကတည်းက ရေစိမ့်ပေါက်ကနေ ရေကပန်းထွက်နေတယ်။ ၉ နာရီ ၁၅ မှာပေါ့ တာကကျိုးပေါက် သွားပါတယ်။ တိုက်စားမှု ပြင်းထန်ပါတယ်"ဟု တာကျိုးသည့် နေရာသို့ ကူညီကယ်ဆယ်ရေးလုပ်ရန် ရောက်ရှိနေသူ ကိုကျော်ကြီး ကပြောသည်။
တာကျိုးကျမှုကြောင့် အိပ်ပျက်ကျေးရွာ အုပ်စုအတွင်းရှိ တာငုတ် ၊ဖောင်ဆိပ်၊ ငှက်ပျောတောကျေးရွာများမှ အိမ်ခြေ ၆၀ နီးပါး အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်နေကြောင်း သိရသည်။
"တာသစ်နဲ့တာဟောင်းကြားက ဧရိယာ တစ်မိုင် ပတ်လည် လောက်ရှိတယ် ရေကအမြန်ရောက်လာရင် အမြန်ဆုံးရွှေ့ပြောင်းဖို့ လိုအပ်နေပါတယ်။ရွှေ့ပြောင်းဖို့ ပစ္စည်းတွေရော လူအင်အားတွေပါ လိုအပ်နေပါတယ်"ဟု တာကျိုးသည့် နေရာကိုရောက်ရှိနေသည့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင် ကပြောသည်။
တာမကျိုးမီအချိန်ပိုင်း မနက် ၈ နာရီခန့်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း/ ဓာတ်ပုံ-ရှမ်းလေး(ဧရာဝတီတိုင်းမ်)
0 comments:
Post a Comment