အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အမစ်ရှားနှင့် ကာနာတာကာပြည်နယ်ဝန်ကြီးချုပ် ဘီအက်စ် ယီဒီယူရတ်ပါတို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိခဲ့ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ သြဇာအကြီးမားဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သလို ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ အနီးကပ်လက်ထောက်တစ်ဦးလည်းဖြစ်သူ အမစ်ရှားက တွစ်တာမှတစ်ဆင့် ကြေညာခဲ့ ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း မိမိနှင့်အနီးကပ်ထိတွေ့သူများကို သီးခြားခွဲ နေထိုင်ကြ ရန်နှင့် ဆေးစစ်ကြရန် ၎င်းက မေတ္တာရပ်ခံခဲ့သည်။ “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ ပြခဲ့တာကြောင့် ဆေးစစ်ခဲ့ရာမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ။ ကျွန်တော့် ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ အကြံပြုချက်အရ ဆေးရုံတက်တာပါ”ဟု အာမက်ရှားက တွစ်တာ၌ ရေးသားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်ဝန်ကြီးချုပ် ဘီအက်စ် ယီဒီယူရတ်ပါက ၎င်းတွင် COVID-19 ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပြောကြားလိုက် သည်။
“ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ် တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်တွေ အရ ဆေးရုံတက်နေပါတယ်။ မကြာသေးမီက ကျွန်တော်နဲ့ ထိတွေ့ခဲ့တဲ့သူတွေ သီးခြားခွဲနေကြဖို့ တိုက်တွန်းပါတယ်”ဟု ယူရတ်ပါက တွစ်တာ၌ ရေးသားခဲ့သည်။ နေအိမ်ရှိ ဝန်ထမ်းများ၌ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိပြီးနောက် ယူရတ်ပါက နေအိမ်၌ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲနေခဲ့သည်။ ပထမတစ်ကြိမ် စမ်းသပ်ရာ တွင် ယူရတ်ပါ၌ ဗိုင်းရပ်စ်ပိုးမတွေ့ရှိဘဲ ဒုတိယအကြိမ် မှသာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယူရတ်ပါ သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော ပြည်နယ် အစိုးရအဖွဲ့မှ စတုတ္ထမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အစောပိုင်းတွင် သစ်တောဝန်ကြီး အာနန်ဆင်း၊ ခရီးသွားလုပ်ငန်းဝန်ကြီး စီတီရာဗီနှင့် လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဘီစီပါတေးလ်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ လက်ရှိအချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၁၃၅၀၀၀ ကျော်နှင့် သေဆုံးသူ ၂၄၉၆ ဦးရှိကြောင်း သိရသည်။
အစောပိုင်းရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်မှ အမျိုးသမီးဝန်ကြီး တစ်ဦး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။
0 comments:
Post a Comment