Sunday, August 2, 2020

တရားလွှတ်တော်ချုပ်၏ အမိန့်ကို လိုက်နာမှုမရှိတဲ့ Facebook ကို ဒါဏ်ငွေ အပြစ်ပေး၊ သမ္မတထောက်ခံသူတို့ ထိန်းချုပ်ထားသည့် အကောင့်မှန်သမျှတို့ကို တစ်ကမ္ဘာလုံး၌ Facebook က တားဆီးပိတ်ဆို့နေ

ဘရာဇီးတရားလွှတ်တော်ချုပ်၏ အမိန့်ကို လိုက်နာခြင်းမရှိဟုဆိုကာ ဒါဏ်ငွေတပ်ရိုက်ခြင်းခဲ့ရပြီး နောက်တစ်နေ့တွင် သတင်းအတုနှင့်ပတ်သက်သည့် ဘရာဇီးသမ္မတ ဂျားဘိုလ်ဆိုနာရိုအား ထောက်ခံသူတို့ထိန်းချုပ်ထားသော တစ်ကမ္ဘာလုံးရှိ အကောင့်မှန်သမျှ တားဆီးပိတ်ဆို့လျှက်ရှိကြောင်း Facebook က ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။
စနေနေ့၌ Facebook ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းရာတွင် အဆိုပါအမိန့်သည် တစ်ဖက်စွန်းရောက်လွန်း ကြောင်း၊ ဘရာဇီးနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အပြင်ဘက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်း ခြောက်ရာရောက်ရှိသော်လည်း ကုမ္ပဏီအနေဖြင့် သဘောတူခဲ့ရကြောင်း၊ Facebook ၏ ဒေသန္တရဝန်ထမ်းများအပေါ် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်သည်ဟု ခြောက်လှန့်ရာရောက်သော်လည်း တရားရုံး၌ အယူခံဝင်နေစဉ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံးရှိ အကောင့်များကို ပိတ်ဆို့ရန်အမိန့်ကို လိုက်နာခြင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းမျှ မရှိပါကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့၌ ဘရာဇီးတရားလွှတ်တော်ချုပ်၏ တရားသူကြီး အလက်ဇန္ဒြီးယိုဒီမော်ရေ့စ်က စီရင် ချက် ချမှတ်ရာတွင် Facebook နှင့် Twitter တို့သည် ဘရာဇီးလ်နိုင်ငံတွင် တားဆီးပိတ်ဆို့ပေးခဲ့သည်မှန်သော်လည်း နိုင်ငံရပ်ခြား IP လိပ်စာများနှင့် အကောင့်များကို လက်လှမ်းမီပါလျှက် ပိတ်ဆို့ရန် ပျက်ကွက်ကြောင်း တွေ့ရှိသည်ဟု ဆုံးဖြတ်ထားသည်။
အဆိုပါ ပျက်ကွက်မှုကြောင့် Facebook အနေဖြင့် ဘရာဇီးငွေ ရီရေ့စ် ၁.၉၂ သန်း (အမေရိကန်ဒေါ်လာ ၃၆၈,၀၀၀၊ ယူရို ၂၈၀,၀၀၀ ခန့် ) ဒဏ်ငွေပေးဆောင်စေရန် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်သက်ဆိုင်သော အကောင့်များကို ပိတ်ဆို့မှု မပြုလုပ်မချင်း တစ်နေ့လျှင် ရီရေ့စ် တစ်သောင်း ( အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့် ) နှုန်း ဒဏ်ငွေ ထပ်မံပေးဆောင်စေရမည်ဟု သောကြာနေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ဒဏ်ငွေချမှတ်ကြောင်း ကြေငြာခြင်းမပြုမီ တရားရုံး၏ ဆုံးဖြတ်ချက်ကိုအယူခံဝင်မည်ကြောင်း Facebook က ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံးလူမှုရေးကွန်ယက်ကပြောကြားရာတွင် Facebook အနေဖြင့် မိမိတို့ အလုပ်လုပ်ကိုင်လျှက် ရှိသော နိုင်ငံများ၏ ဥပဒေများကိုလေးစားပါကြောင်း သို့သော် ဘရာဇီးဥပဒေတွင် စီရင်ပိုင်ခွင့် ကန့်သတ်ချက်များကို အသိအမှတ်ပြုထားကြောင်း မှတ်ချက်ပြုသည်။
တရားသူကြီး၏ ဒဏ်ငွေပေးဆောင်စေရန် အမိန့်တွင် တရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်ကို Facebook က လိုက်နာမှု မရှိကြောင်းကိုသာ ဖော်ပြခဲ့သည်။ Twitter အပေါ်လည်း အလားတူ ဒဏ်ငွေချမှတ်ခြင်း ရှိ-မရှိ ရှင်းရှင်း လင်းလင်း မပါရှိချေ။
ဘရာဇီးရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ဘိုလ်ဆိုနာရိုအား ငွေကြေးထောက်ပံ့သူတို့က တမသမာသောနည်းလမ်းဖြင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းဗျူဟာများကိုအသုံးပြုသည်ဟု စွပ်စွဲခြင်းခံရသည်။ ရွေးကောက် ပွဲအာဏာပိုင်များနှင့် ဖက်ဒရယ်ရဲတပ်ဖွဲ့တို့က တရားဝင် အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
တရားလွှတ်တော်ချုပ်၏ မေလတွင် ချမှတ်ခဲ့သော မူလအမိန့်သည် ဘရာဇီးလ်နိုင်ငံ၏ ၂၀၁၈ ရွေးကောက်ပွဲ ကာလအတွင်း သတင်းအတုအယောင်များဖြန့်ဝေမှုနှင့် ပတ်သက်သည်။ သမ္မတ ဘိုလ်ဆိုနာရို ထောက်ခံ၍ သတင်းအတုဖြန့်ဝေကြောင်း စုံစမ်းစစ်ဆေးခံရသူတို့နှင့် ဆက်နွယ်သည့် Twitter အကောင့် ၁၆ ခု၊ Facebook အကောင့် ၁၂ ခုတို့မှာ ဥပဒေနှင့်မညီညွတ်၊ အမုန်းစကားဖြစ်သည်ဟု ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
(( လွန်ခဲ့သည့် နှစ်များ၌ ဂျာမနီနှင့် ဥရောပနိုင်ငံအချို့တွင် ပြဋ္ဌာန်းပါအချက်များကို လိုက်နာခြင်းမရှိဟုဆိုကာ Facebook အား ဒဏ်ငွေ တပ်ရိုက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးနယ်မြေဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မကြီး၏ Firewall များကို မဖြတ်ပဲ Facebook, WhatsApp ,Instagram ,Twitter , Google နှင့် YouTube တို့အား ဆင်ဆာမရှိ အ သုံးပြုခွင့်ရရှိသည်။
လွန်ခဲ့သည့် ဇူလိုင်လ နိုင်ငံတကာသတင်းများအရ Facebook, WhatsApp, Twitter, Google နှင့် Instagram တို့သည် ဟောင်ကောင်တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတို့က အသုံးပြုသူ၏ သတင်းအချက် အလက်များကို တောင်းဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ လိုက်ကြောင်း သိရှိရသည်။
တရုတ်ပြည်မကြီးတွင် အနောက်နိုင်ငံ လူမှုကွန်ရက် ပလက်ဖောင်းများ အသုံးပြုနိုင်ခြင်း မရှိသော်လည်း တရုတ်ပြည်မကြီး ဖောက်သည်များထံမှ ကြော်ငြာခများကို Facebook, Twitter နှင့် Google တို့က ရရှိနေသည်။
တရုတ်၏ အသစ်ထုတ်ပြန်လိုက်သော လုံခြုံရေးဥပဒေမှာ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပ်တည် ချက်ကို ထိခိုက်ကြောင်း နိုင်ငံများစွာတို့က စွပ်စွဲခဲ့ပြီးနောက် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။
ဂျာမနီ-ဘရာဇီးတို့နှင့် ဟောင်ကောင်တို့၏ အင်တာနက် လူမှုကွန်ရက် ဖြစ်စဉ်မှာ ပြောင်းပြန်ဖြစ်လျှက်ရှိကြောင်း ထင်မှတ်ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဥပဒေပြဋ္ဌာန်းချက်ရှိနေ၍ ဖြစ်နိုင်ပါသည်။
IT ခေတ်တွင် ဒစ်ဂျစ်တယ် သတင်းမီဒီယာတို့၏ အခန်းကဏ္ဍမှာ အလွန်အရေးပါ ပါသည်။ တားဆီးရန်လည်း ခက်လှပါသဖြင့် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အတွက် ခေတ်မီဆီလျော်သော ဒစ်ဂျစ်တယ်သတင်းမီဒီယာဥပဒေများ မဖြစ်မနေ ရှိသင့်ပါကြောင်း ယုံကြည်ပါသည်။
Source - Htay Oung

0 comments:

Post a Comment