ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည်ပြည်တွင်းရေးဖြစ်၍ မိမိတို့ဘာသာ မိမိတို့ဖြေရှင်းသင့်ကြောင်း မေ ၂၃ရက်က ရမည်းသင်းမြို့နယ် ကန်မြင်ရွာတွင် ကျင်းပသော ပါတီ ၀င်အဆိုပြုလွှာပေးအပ်ပွဲ၌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဍမောင်လွင်က ပြောကြားလိုက်သည်။
’’မိမိတို့ယနေ့ မိမိတို့ပြည်တွင်းရေးကို မိမိတို့ဘာသာဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ ပိုင်နက် နယ်မြေကိစ္စကို အရေးတကြီး ဖြေရှင်းရမှာဖြစ်တယ်။ ကမ္ဘာမှာ ဖြစ်ပျက်ပေါ်ပေါက်လာတဲ့ သမိုင်းအထောက်အထားတွေ ယနေ့မျက်မှောက်ခေတ် ကာလမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ အလားတူ ဘာသာရေးအရ လူဦးရေပေါက်ဖွားလာတဲ့ အလားတူ နယ်မြေသစ်တွေ နိုင်ငံသစ်တွေ တောင်းဆိုတဲ့ အထောက်အထားတွေ မူရင်းနိုင်ငံကနေ နယ်မြေဖဲ့ပေးလိုက်ရတာ ကမ္ဘာမှာ ရှိပါတယ်။ မြန်မာမှာတော့ ဒါဖြစ်လို့မရပါဘူး။ မြန်မာနိုင်ငံ က မည်သည့်အပိုင်းမှ ဖဲ့ထွက်သွားတာ ဆုံးရှုံးပေးလိုက်ရတာ လက်မခံပါဘူး။ ဒါ ပြည်ခိုင်ဖြိုး တာဝန်ဖြစ်ပါတယ်။ ဒီပြဿနာ ဟာ ဘာသာရေးပြဿနာမဟုတ်ပါဘူး။ လူဝင်မှုပြဿနာပါ’’ဟု ၄င်းက ပြောသည်။
အဆိုပါလူဝင်မှုပြဿနာအား ဘာသာရေးပြဿနာဟုမိမိတို့ဘက်မှ လက်မခံရန် လိုအပ်ကြောင်း၊ ထို့အပြင် ယခုအခြေအနေတွင် ကမ္ဘာမှ အဆိုပါ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စရပ်တွင် ပါဝင်လာကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ကပင် အကြမ်းဖက်သမား ARSA အဖွဲ့အား အကြမ်းဖက်သမား ရှိနေဟု ထုတ်ပြန်ခဲ့ကြောင်း၊ အာဏာရပါတီမှ အကြမ်းဖက်သမားမရှိဟု ဆိုခဲ့ကြောင်း၊ ယခုအခါ အဆိုပါ အကြမ်းဖက်သမားများကို ရှင်းလင်းကာ နယ်မြေလုံခြုံရေး ဆောင်ရွက်သော တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူမျိုးတုန်းရှင်းလင်းသည်ဟု စွပ်စွဲလာကြောင်း ၊ ယင်းကိုပြည်ခိုင်ဖြိုးပါတီ က လက်မခံသလို ပယ်လည်း ပယ်ချကြောင်း ဦးဝဏ္ဍမောင်လွင် က ဆိုသည်။
အဆိုပါ ပါတီဝင် အဆိုပြုလွှာ ပေးအပ်လက်ခံပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment