Friday, May 25, 2018

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်း အဂတိနှင့်ပတ်သက်၍ တိုင်တန်းခံရမှုကို အမြန်ဆုံး စစ်ဆေးနေပြီး မကြာမီ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာ တင်ပြမည်


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်း အဂတိနှင့်ပတ်သက်၍ တိုင်တန်းခံရမှုကို အမြန်ဆုံး စစ်ဆေးနေပြီး မကြာမီ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာ တင်ပြမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က မေလ ၂၃ ရက် က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာသည် ကော်မရှင်သို့ မေလ ၃ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မေလ ၇ ရက်တွင် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ အမြန်ဆုံး စစ်ဆေးနေကြောင်း ၊ သက်သေခံပစ္စည်း စစ်ဆေးမှုများ၊ သက်သေယူရမှုများရှိကာ၊ စာရွက်စာတမ်း စစ်ဆေးရမှုများလည်းရှိကြောင်း ၎င်းကဆိုသည်။

“အဲဒါပြီးသွားတော့ ကျနော်တို့ ပြီးသလောက်ရှိနေပြီ။ မကြာခင်မှာ ကျနော်တို့ ပထမဆုံးလုပ်ရမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌတွေဆီကို အစီရင်ခံစာတင်ဖို့ပါ။ အဲဒါကို ဆောလျင်စွာတင်နိုင်ဖို့ ကျနော်တို့လုပ်နေပါတယ်။"ဟု ဦးအောင်ကြည်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း မေလ ၁၃ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး စစ်ဆေးဆဲအချိန်တွင် လျှို့ဝှက်ထားရန် လိုသည့်အတွက် အသေးစိတ် အချက်အလက်များကို မထုတ်ပြန်နိုင်သေးကြောင်းလည်း ဖော်ပြထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို မြှင့်တင်ဆောင်ရွက်နေချိန်တွင် ကော်မရှင်သစ်က အားနည်းချက်များ ရှိသည်ဟု ဝေဖန်နေသည့် လက်ရှိ အဂတိလိုက်စားမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို မေလ ၂၃ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

စတုတ္ထအကြိမ်မြောက် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ငွေပေးငွေယူလုပ်ခြင်းအပြင် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ဆောင်ရွက်ခြင်းများ၊ ဆုံးရှုံးစေမှုများကိုပါ အဂတိလိုက်စားမှု အနေဖြင့် အရေးယူနိုင်သည့် အချက်ပါဝင်ပြီး တိုင်ကြားသူမရှိလည်း ကျော်ဇောသတင်း ထွက်ပါက စိစစ်အရေးယူနိုင်သည့် အချက်များကိုလည်း ထပ်မံထည့်သွင်း ထားကြောင်း သိရသည်။

The Ladies News

0 comments:

Post a Comment