မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးအထူးကြပ်မတ်ကုသဆောင် အခန်း ၁၁၀ မှာ ဆေးဝါးကုသမှု ခံယူတော်မူလျက်ရှိတဲ့ မဟာအောင်မြေမြို့နယ်မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းဆရာတော်၊ ရွှေကျင်နိကာယ၊ ဥပဥက္ကဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိတသိရီဘိဝံသဆရာတော်ကို ဒီနေ့မနက် ၈ နာရီက အငြိမ်းစား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာရောက်ဖူးမြော်ဂါရ၀ပြုနှုတ်ဆက်ပါတယ်။
ဦးသိန်းစိန်နဲ့အတူ မန္တလေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးမျိုးမြင့်၊ ဦးတင့်လွင်ဦး နဲ့ ဦးကျော်စန်းတို့လည်းလိုက်ပါခဲ့ကြတာဖြစ်ပြီး ဆရာတော်ဘုရားကြီးရဲ့ကျန်းမာရေးအခြေအနေမေးမြန်းလျှောက်ထားကာ သင်္ဃန်းအစရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းသွားခဲ့ကြပါတယ်။
ဆရာတော်ဘုရားကြီးကလည်း အငြိမ်းစားနိုင်ငံတော်သမ္မတကို သူကိုယ်တိုင်ရေးသားပြုစုတော်မူထားတဲ့အိန္ဒိယ နီပေါ သီရိလင်္ကာ ထိုင်း စင်ကာပူ အာရှ ၅ နိုင်ငံဓမ္မခရီးစာအုပ်ကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်တော်မူခဲ့ပါတယ်။
တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးက သက်တော် ၈၄ နှစ်ရှိနေပြီဖြစ်ပြီး နှလုံးအတွင်းပိုးဝင်သည့်ရောဂါနဲ့ ဆေးဝါးကုသမှုခံယူတော်မူနေရတာ နှစ်လခန့်ရှိပြီလို့သိရပါတယ်။
စောထွေး
Popular News Journal
0 comments:
Post a Comment