အမျိုးကိုဖျက်မည့်ပါတီ တိုင်းပြည်ကိုတိုင်းတစ်ပါးသားထံဝကွက်အပ်မည့်ပါတီသည် ပြည်ခိုင်ဖြိုးပါတီ မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မေလ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်၍ ကံ ကိုယုံကြည်ကြောင်း၊ ကံဆိုသည်မှာ အလုပ်ဖြစ်၍ မိမိတို့ ပြည်ခိုင်ဖြိုးပါတီသည် အစိုးရလက်ထက် ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည် များကို အနှစ်ချုပ်ပါက နိုင်ငံတော်နှင့် နိုင်ငံအကျိုး ဆောင်ရွက်ခဲ့သည်ဟု ဦးသန်းဌေးက ဆိုသည်။
’’ဒီပါတီဟာ အမျိုးကိုဖျက်မယ့် ပါတီမဟုတ်ဘူး။ တိုင်းပြည်ကို တိုင်းတစ်ပါးသား လက်ထဲ ၀ကွက်အပ်မယ့် ပါတီ မဟုတ်ဘူး။ ဘယ်နိုင်ငံခြားသားကိုမှ ဆရာတင်မယ့် ပါတီ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီ အတိတ်သမိုင်းကြောင်းကို သံသယမရှိတဲ့ လူများ ယနေ့ ကျွန်တော်တို့ပါတီကို ၀င်ရောက်လာတယ်လို့ ဒီလိုပဲယုံကြည်ပါတယ်’’ဟု ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ယခုဝင်လာသည့် ပါတီဝင်များ သည် အင်အားကြောင့် နောက်လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဖြစ်ကြောင်း၊ မဖောက်မပြန်အမျိုးဘာသာအတွက်အနိုင် ရ ရမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် ကမ္ဘာတည်သရွေ့မြန်မာပြည်ရှိပြီး မြန်မာပြည်ရှိသရွေ့ ပြည်ခိုင်ဖြိုးပါတီရှိမည်ဟု ဦးသန်းဌေးက ဆိုသည်။
’’ကျွန်တော်တို့က ဒီကနေ့ အစိုးရမဟုတ်ဘူး။ အတိုက်အခံနေရာမှာ ရှိနေတယ်။ အစိုးရပုဂ္ဂိုလ်တွေရဲ့လုပ်ရပ်ဟာ မှားယွင်းတယ်။ အမျိုးဘာသာ သာသနာအတွက်ထိခိုက်နေရင် ကျွန်တော်တို့မှာ ဝေဖန်ရမယ့်တာဝန်ရှိတယ်။ ဝေဖန်တဲ့နေရာမှာ သာသာယာယာရှိမယ်။ ပြင်းပြင်းထန်ထန်ရှိမယ်။ပုဂ္ဂိုလ်ကြောင့် မဟုတ်ဘူး။ပါတီကြောင့် မဟုတ်ဘူး’’ ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment