Tuesday, May 1, 2018

ပဲခူးတိုင်းဒေသကြီးရှိ အင်းများလေလံပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ဒေသခံများမှ နိုင်ငံတော် သမ္မတရုံးသို့ အဆိုပြုလွှာတင်သွင်းမည်



ပဲခူးတိုင်းဒေသကြီးရှိအင်း(ငါးမွေးကန်) များကိုဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဒေသခံများအနေဖြင့်နိုင်ငံတော် သမ္မတရုံးသို့ အဆိုပြုလွှာတင်သွင်းမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်နှင့် တောင်ငူခရိုင်များရှိအင်းများကိုဈေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် ရောင်းချခဲ့သည့် အင်းများကိုတာဝန်ရှိသူများမှ မထုတ်ပြန်ခြင်း၊ အင်းများကို ငွေကြေးတတ်နိုင်သည့် လူအနည်းစုကသာရေရှည်ငှားရမ်းခွင့်ရနေခြင်း (တင်ဒါအောင်ခြင်း) များရှိနေသဖြင့် ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် ဒေသခံအစုအဖွဲ့များမှ နိုင်ငံတော်သမ္မတရုံးသို့ အဆိုပြုလွှာတင်သွင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် ဧပြီလ ၃၀ ရက်၌ ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“အင်းတွေကိုပွင့်လင်းမြင်သာမှုမရှိစွာရောင်းစားနေတာ။နောက်တစ်ခုကကြေးတိုင်ပေးတဲ့ကိစ္စတွေ။ဘယ်သူ့ ကိုရောင်းလိုက်တယ်ဆိုတာ ဘယ်လောက်ရောင်းတယ်ဆိုတာစားရင်းမထုတ်ပြန်ဘူး။ပြည်သူတစ်ယောက်အနေနဲ့ မသိဘူး။ ဒီအင်းအိုင်ချောင်းမြောင်းလေးတွေကို တစ်ဖက်တစ်လမ်းကရမယ်ဆိုရင် အခြေခံလူတန်းစား အကုန်အဆင်ပြေမှာပါ။ အဓိကတော့ အလုပ်အကိုင် အခွင့်အလမ်းပါ။အဲဒီအတွက်ကြောင့်မို့ နိုင်ငံတော်က သိအောင် ရှင်းပြသွားမှာပါ။ ဒီမတ်လ ၂၉ ရက်ကအတည်ပြုထုတ်ပြန်တဲ့ ဥပဒေနဲ့ သွားမယ်ဆိုရင် ပဲခူးတိုင်းတင် မဟုတ်ဘူး။ အခြားတိုင်းနဲ့ပြည်နယ်ကအခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးပါ အဆင်ပြေသွားနိုင်တယ်” ဟု သာယာဝတီခရိုင်ရေလုပ်သားအသင်းအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွက် ရေချိုငါးဥပဒေအသစ်ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထုတ်ပြန်လိုက်ပြီး ယင်းဥပဒေတွင် ၂၀၁၃ ခုနှစ် ဥပဒေအဟောင်းကို ပယ်ဖျက်ကြောင်း ဖော်ပြထားသော်လည်း ဧပြီလ ၂၄ ရက်၌ပြုလုပ်ခဲ့သော သာယာဝတီခရိုင်ရှိ အင်းများလေလံတင် ရောင်းချရာတွင် ပယ်ဖျက်ပြီးဥပဒေအဟောင်းကို ကျင့်သုံးခြင်းအတွက် ဒေသခံအစုအဖွဲ့ ရေလုပ်သားများ အနေဖြင့် သက်ဆိုင်ရာခရိုင်ဦးစီးရုံးများသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ထူးခြားမှုမရှိသည့်အတွက် နိုင်ငံတော်သမ္မတရုံးသို့ စာတင်သွားမည်ဖြစ်ကြောင်းသိရသည်။

“၂၀၁၈ မှာအသစ်ထွက်ရှိလာတဲ့ ဥပဒေကိုလက်ခံပါတယ်။ ဥပဒေကိုကန့်ကွက်တာမဟုတ်ဘူး။ ဥပဒေအတိုင်း လုပ်စေချင်တာပါ။ အဲ့လိုမလုပ်လို့ နိုင်ငံတော်သမ္မရုံးကိုစာတင်မှာပါ။ အခုအင်းလေလံရောင်းတာက၂၀၁၃ ခုနှစ် ဥပဒေအဟောင်းမှာနဲလည်းမကိုက်ညီဘူး။ လေလံပေးရင်လည်းကြေးတိုင်အင်းတွေကိုပဲရောင်းရမယ်။ သီးသန့်အင်းတွေကိုမရောင်းရဘူး။ အခုကအင်းအရေအတွက်မဖော်ပြတော့ ဘယ်အင်းတွေ ရောင်းနေလည်းမသိရဘူး။ အင်းလေလံကိုလည်းတကယ်လုပ်ကိုင်စားသောက်မယ့် ဒေသခံတွေကိုမရဘဲ တစ်ခြားမှာဒေသက အင်းသားကြီးတွေကပဲဝင်ဆွဲနေကြတယ်။ ဒေသခံတွေကသူတို့နဲ့ ပြိုင်မဆွဲနိုင်ကြဘူးလေ”ဟု သာယာဝတီခရိုင်ရေလုပ်သားအသင်းအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက ပြောသည်။

ကြေးတိုင်အင်းများကို (၆ နှစ်အထိ (သုံးနှစ်-နှစ်ကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံစနစ်ဖြင့် နှစ်ရှည်ဌားရမ်းခွင့် ပြုသောအင်း) ကိုဈေးပြိုင်စနစ်ဖြင့် လေလံပေးရောင်းချရာတွင် ငွေကြေးတတ်နိုင်သည့် အင်းသားကြီး လုပ်ငန်းရှင် အနည်းစုမှငှားရမ်းခွင့်ရနေကြောင်း၊ ဒေသခံများအနေဖြင့် အင်းသားကြီးများထံမှ အခစားလုပ်သား အဖြစ် လုပ်ကိုင်ခြင်း၊အင်းအစိတ်အပိုင်းအနည်းငယ်ကို ပြန်လည်ငှားရမ်းလုပ်ကိုင်ခြင်း ပြုလုပ်ရကြောင်း ဦးတင်ကြိုင်ကဆ က်လက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွက် ပြဌာန်းထားသည့် ၂၀၁၃ ခုနှစ် ရေချိုငါးဥပဒေအစား ခေတ်နှင့်လျော်ညီသည့် ရေချို ငါးဥပဒေအသစ်ကိုရေးဆွဲကာမတ်လ ၂၉ ရက်၌ လွှတ်တော်မှ အတည်ပြုထုတ်ပြန်ထားခဲ့ကြောင်းသိရသည်။

သို့သော် ရေချိုငါးဥပေဒအသစ်မှာ ပြဌာန်းပြီးဖြစ်သော်လည်းယင်းအသက်ဝင်ရန် ဥပဒေဆိုင်ရာလုပ်ထုံးလုပ် နည်းများဆောင်ရွက်ရန်၊ ကျင့်သုံးရန်အတွက် နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။ 

ပဲခူးခရိုင်တွင် ၁၃၆ အင်း၊ တောင်ငူခရိုင် တွင် ၆၅ အင်း၊ သာယာဝတီခရိုင်တွင် ၁၀၉ အင်းနှင့်ပြည်ခရိုင်တွင် ၄၁ အင်းတို့ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် အင်းအရေအတွက်စုစုပေါင်း၉၆၇ အင်းရှိကြောင်း၊ ယင်းအနက် ကြေးတိုင်စိုက်အင်းများမှာ ၆၁၆ အင်းရှိကြောင်း သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment