Wednesday, May 23, 2018

နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်တည်


နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းတွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား နှင့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ကျင်းပပြုလုပ်သည်။

ဆရာတော်အရှင်ဆန္ဒာဓိက ဦးဆောင်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းစေတီတော် တည်ဆောက်ရေးအတွက် ယနေ့ တွင် ဆရာတော်အရှင်ဆန္ဒာဓိကမှကျပ်သိန်းတစ်ထောင်၊ တက်လမ်းကုမ္ပဏီ ဥက္ကဌ ဦးရှိန်ဝင်းမှကျပ်သိန်းသုံးထောင်၊ စေပိုင်ကုမ္ပဏီ ဥက္ကဌ ဦးမောင်ဝိတ်တို့မှ ကျပ်သိန်းတစ်ထောင်တို့ကို ယနေ့တွင် မတည် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုများကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တို့က လက်ခံခဲ့သည်။

မေလ ၁၂ရက်နေ့က ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က ပန္နက်တင် အခမ်းအနားကိုပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော်ကို တက်လမ်းကုမ္ပဏီနှင့် စေပိုင်ကုမ္ပဏီ တို့က ပင်မ ဒါယကာများအနေဖြင့် တာဝန်ယူထားသည့်အပြင် အများပြည်သူတို့၏ လှူဒါန်းမှုများနှင့်ပါ တည်ဆောက်မည်ဟု သိရသည်။













PNews

0 comments:

Post a Comment