နိုင်ငံရေးပါတီဆိုသည်မှာ အချိန်မရွေး အစိုးရဖြစ်နိုင်ပြီး လူထုအနေဖြင့် အခြေအနေမှန်ကို သိရှိပါက နောင်လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မှ အနိုင်ရကာ အစိုးရ ဖြစ်နိုင်ဟု ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က မေလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ပါတီဥက္ကဋ္ဌ တစ်ယောက်ဖြစ်၍ ပြောချင်သည့်အရာကို လူအများမှ ပြောစေလိုကြောင်း၊ နားထောင်ပေးရသည်မှာ ပါတီအလုပ်ဖြစ်၍ နောင်တစ်ချိန် တွင် အစိုးရ ဖြစ်လာပါက လုပ်ဆောင်ပေးစရာရှိသည်များကို လုပ်ဆောင်ပေးသွားမည်ဟု ၄င်း က ရမည်းသင်းမြို့နယ် ကန်မြင်ကျေးရွာ ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ ၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
’’တစ်ချို့တွေက ပြောရမှာ အားနာတာရှိတယ်။ ပြောရမှာ ကြောက်တာရှိတယ်။ ကျွန်တော်က ဌာနချုပ်မှာ နေတဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ အတွက် တွေ့ရမြင်ရဖို့ အားနည်းပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုလို ပွဲမျိုးရောက်အောင် ကြိုးစားလာတယ်။ဘာလို့လဲဆိုတော့ ရင်ထဲက စကားတွေ ပြောရအောင် ကြားရအောင် လာပါတယ်။ ခင်ဗျားတို့ပြောမှာ ဆိုမှာ ကို ကျွန်တော်တို့ နားထောင်ပေးဖို့ အသင့်ရှိရ မယ်။ ဘာလဲဆိုတော့ နိုင်ငံရေးပါတီ ဟာ အချိန်မရွေး အစိုးရလုပ်ရမှာ။ လုပ်ဖို့အသင့်အမြဲတမ်းရှိတယ်။ ဒီနေ့တာဝန်ယူနေတဲ့ အစိုးရသည်လည်း လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အတိုက်အခံပါတီပဲလေ။ ဒီကနေ့ ကျွန်တော်တို့ အတိုက်အခံလေ။ ခုနက ပြောတဲ့ အခြေအနေအမှန်တွေကိုပြည်သူလူထုက သိတဲ့အခါမှာ ကျွန်တော်တို့ အစိုးရပြန်ဖြစ်နိုင်တာပဲ။ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ ဒီမိုကရေစီခေတ်မှာ ပါတီကို လူထုက ရွေးတာပါ’’ဟု ၄င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း နေရာအားလုံး ၌ အနိုင်ရရှိမည်ဟု ပြောကြားထားသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment