မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဝန်ထမ်းအင်အား လျှော့ချမည်ဖြစ်ကြောင်း အဆိုပါကော်မတီ၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရှိ ဝန်ထမ်းများအနေနှင့် အရည်အချင်း တိုးတက်စေရန်နှင့် အလုပ် မလုပ်သော ဝန်ထမ်းများကို ဒဏ်ရိုက်သည့်အနေနှင့် ဝန်ထမ်းအင်အား လျှော့ချခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။
“တချို့တွေက ဖြစ်သလိုလုပ်တာတွေ တွေ့ရတယ်။ ဌာနချင်းချိတ်ဆက်မှုတွေလည်း အားနည်းတယ်။ အခုက အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်ရမယ့်အချိန် ရောက်လာပြီ။ အိယောင်ဝါးလိုက်နေတဲ့ဝန်ထမ်းတွေ၊ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းမပြည့်တဲ့ ဝန်ထမ်းတွေ လျှော့ချသွားမယ်”ဟု ယင်းကော်မတီ တာဝန်ရှိသူက ပြောဆိုသည်။
မြို့ပြ ဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် လုပ်ဆောင်ရန်နှင့် ရေရှည် တည်တံ့အောင် လုပ်ဆောင်ရန် ဝန်ထမ်းကို အသိပေးထားပြီး ဖြစ်သည့်အပြင် နည်းပညာနှင့် စနစ်များကိုပါ ပြောင်းလဲမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်က အရာရှိဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
ဝန်ထမ်းအင်အား လျှော့ချလိုက်ပါက ၎င်းတို့ကိုပေးရသည့်ငွေများ ပိုလျှံလာမည်ဖြစ်ပြီး ကော်မတီ၏ ကုန်ကျစရိတ်လည်း သက်သာလာမည်ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဌာန ၁၄ ခုနှင့် ယာယီ ဝန်ထမ်းအပါအဝင် ဝန်ထမ်းအင်အား ၆၀၀၀ ကျော်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။
The Voice
0 comments:
Post a Comment