အင်တာနက်အပါအဝင် ဆက်သွယ် ရေးကွန်ရက်ပေါ်တွင် ဥပဒေနှင့်မညီသော အွန်လိုင်းလောင်းကစားဂိမ်းများ လုပ်ကိုင်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများ ဖွံ့ဖြိုးလာပြီး အွန်လိုင်းဝန်ဆောင်မှုများ တွင်ကျယ်လာသည်နှင့်အမျှ ရှမ်းကိုးမီး အပါအဝင် အမည်အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသော အွန်လိုင်းလောင်းကစား ဝန်ဆောင်မှုများသည် အများပြည်သူများ၏ အကျင့်စာရိတ္တကို ပျက်စီးခြင်းအပြင် နစ်နာမှုများစွာရှိခြင်းကြောင့် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောကြားသည်။
“ဒါက တခြားဖုန်းဘီလ်နဲ့ ဝယ်ပြီး ဆော့လို့ရတဲ့ Entertainment (ဖျော်ဖြေရေး) ဆန်တဲ့ အွန်လိုင်းဂိမ်းတွေကို ဆိုလိုတာ မဟုတ်ဘူး။ အွန်လိုင်းမှာတော့ ဆော့တယ်။ အနိုင်အရှုံးအတွက် အပြင်မှာ တကယ်ပိုက်ဆံနဲ့ အလျော်အစား လုပ်နေတဲ့ဂိမ်းတွေကို ဆိုလိုတာ”ဟု ၎င်းကရှင်းပြသည်။
လတ်တလောတွင် ဆက်သွယ်ရေး ကွန်ရက်ပေါ်တွင် လူမှုကွန်ရက်စာမျက်နှာ (Page) တည်ထောင်ပြီး အွန်လိုင်း လောင်းကစားဂိမ်း ကစားရန်အတွက် ဘဏ်စာရင်းကဲ့သို့ ပိုက်ဆံသွင်းထားသော စာရင်းဖွင့်လှစ်ကာ ကစားခြင်းများ ရှိလာကြောင်း ၎င်းကဆိုသည်။
ယင်းသို့သောကိစ္စများသည် ဆက်သွယ်ရေး အော်ပရေတာများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ယင်းဂိမ်း App များကို တီထွင်ဆောင်ရွက်သော အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်ကြောင်း၊ ဆက်သွယ်ရေး အော်ပရေတာများအနေနှင့် ထိန်းချုပ်၍မရဘဲ ဝန်ကြီးဌာနက ချမှတ်ထားသော ဥပဒေများအတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာများဖြစ်သော အူရီဒူးနှင့် တယ်လီနောတို့ထံမှ သိရသည်။
“အွန်လိုင်းမှာ ပိုက်ဆံနဲ့ ပေးဝယ်ဆော့လို့ရတဲ့ ဂိမ်းတွေက အများကြီးပဲ။ ဒါပေမဲ့ တော်တော်များများ ဂိမ်းထဲက ဇာတ်ကောင်တွေအတွက် မြှင့်တင်တာတို့၊ တခြားဟာတွေပဲ များပါတယ်။ သူ့ဘာသာ အပြင်မှာ တခြားတစ်နည်းနည်းနဲ့ ထပ်လုပ်တာတော့ အော်ပရေတာတွေအနေနဲ့ ဘာမှလုပ်လို့မရဘူး”ဟု တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံ ဦးအဲလက်စ် ညီညီအောင်က ရှင်းလင်းပြောကြားသည်။
လက်ရှိအချိန်တွင် အွန်လိုင်း ဆက်သွယ်ရေး ကွန်ရက်ပေါ်တွင် Shan Koe Mee ၊ မိုနိုပိုလီဂိမ်းအပြင် အခြားအမည်ဖြင့် ဖဲကစားခြင်းဂိမ်းများကို ကစားရန်အတွက် လိုအပ်သော ဂိမ်းပိုက်ဆံများ မိမိဖုန်းဘီလ်ဖြင့် ဝယ်ယူရကြောင်း၊ ပြန်လည် အလျော်ပေးမှုများကို အချို့ဂိမ်းများက ဖုန်းဘီလ်ပြန်လည် ပေးလျော်သကဲ့သို့ အချို့ဂိမ်းများမှာမူ ဂိမ်းပိုက်ဆံများကိုသာ ပြန်လည် အလျော်ပေးလျက်ရှိကြောင်း အဆိုပါအွန်လိုင်းဂိမ်း ကစားနေသော အသက် ၂၅ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။
ဆက်သွယ်ရေး ကွန်ရက်ပေါ်တွင် လောင်းကစားဂိမ်းမှုများ အပါအဝင် ဥပဒေနှင့်ငြိစွန်းနိုင်သည့် မည်သည့်လုပ်ဆောင်မှုများကိုမဆို ဆက်သွယ်ရေး အော်ပရေတာများနှင့် လိုင်စင်စီရရှိထားသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်ခြင်း (လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice
0 comments:
Post a Comment