Sunday, May 6, 2018

ပညာရေးကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများ MIC သို့ တိုက်ရိုက်လျှောက်ထားနိုင်


မြန်မာ့ပညာရေးကဏ္ဍအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတည်ထောင်လိုသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး MIC မှ လုပ်ငန်းခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်ကာ ယင်းလုပ်ငန်းဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ 

“ရင်းနှီးမြှုပ်နှံလိုသူကMIC ကိုလာပြီးလျှောက်ထားရပါမယ်။ MIC ကမှ ပညာရေးဝန်ကြီးဌာနကိုပေးပို့မှာ။ သူတို့ရဲ့ သဘောထားတွေ၊ အကြံပြုချက်၊ လိုလားချက်တွေရယူပြီးမှ ခွင့်ပြုမိန့်ထုတ်ပေးမယ်။ အဓိက ဖိတ်ခေါ်လိုက်တာက အသစ်တွေကိုဖိတ်ခေါ်တာပါ။ သို့သော်လည်းမှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေ၊ ရှိပြီးသား လုပ်ငန်းတွေကလည်း ပြန်ပြီးတင်ချင်တင်လို့ရတယ်။ဘာကွာသွားမလဲဆိုရင် လုပ်ငန်းအဟောင်းတွေကို အတည်ပြုပေးမယ်။ 

သို့သော်လည်းဝင်ငွေခွန် ကင်းလွှတ် ခွင့်ပေးတာမရှိဘူး။ လုပ်ငန်းအသစ်တွေကိုပဲ ဝင်ငွေခွန်ကင်းလွှတ်ခွင့်ပေးသွားမယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

သို့ရာတွင် မြန်မာ့ပညာရေးကဏ္ဍအတွက် ပညာရေးဆိုင်ရာဥပဒေများမှာလက်ရှိတွင် မူကြမ်းအဆင့်သာ ရေးဆွဲပြီး နည်းဥပဒေမထွက်ရှိသေးသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့ပညာရေးနယ်ပယ် တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိသော်လည်းရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးနေကြောင်း ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း ပြောပြချက်အရ သိရသည်။ 

မြန်မာ့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ပုဂ္ဂလိကပညာရေးဝန်ဆောင်မှု နယ်ပယ်မှ အခြေခံပညာ ပုဂ္ဂလိကကျောင်း၊ နည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးပုဂ္ဂလိကကျောင်း၊ အဆင့်မြင့်ပ ညာပုဂ္ဂလိကကျောင်း၊ ဘာသာရပ်သင် ပုဂ္ဂလိကကျောင်း၊ ဝန်ကြီးဌာနမှ အခါအားလျော်စွာသတ် မှတ်သည့် ပုဂ္ဂလိကကျောင်းစသည်ဖြင့် လုပ်ငန်းအမျိုးအစား ၅ မျိုးသတ်မှတ်ကာ MIC မှ အမိန့်ကြော်ငြာစာအမှတ် ၇ /၂၀၁၈ ဖြင့် ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းကျောင်းများတွင်ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းကို သင်ကြားသည် ဖြစ်စေ၊ နိုင်ငံတကာမှ သင်ရိုးညွှန်းတမ်းကို သင်ကြားသည်ဖြစ်စေ အထက်ပါ ပညာရေးဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား ၅ ခုတွင် ပါဝင်ကြောင်းသတ်မှတ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများတရားဝင် ဆောင်ရွက်နိုင်ကြောင်းသိရသည်။

အဆိုပါ ပညာရေးဝန်ဆောင်မှုပုဂ္ဂလိကကျောင်းတည်ထောင်ရန် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသား အဖွဲ့အစည်း တစ်ခုခုနှင့် မြန်မာနိုင်ငံသားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းနှင့် နိုင်ငံခြားသား၊ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခု၊ နိုင်ငံ ခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရအဖွဲ့အစည်းတို့မှ မတည် ငွေရင်းရာခိုင်နှုန်းအပြည့်ဖြင့် ပြုလုပ်သည့် ပုဂ္ဂလိကကျောင်းနှင့် မတည်ငွေရင်းဖက်စပ်ပြု လုပ်သောပုဂ္ဂလိကကျောင်းများအဖြစ် တည်ထောင်နိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများနှင့် အမျိုးသားပညာရေးဥပဒေ ၂၀၁၄ တို့နှင့်အညီလိုက်နာဆောင် ရွက်ရမည်ဖြစ် ကြောင်း၊ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment