Wednesday, August 22, 2018

ARSA အကြမ်းဖက်မှု တစ်နှစ်ပြည့်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ခရီးမသွားရန် ယူအက်စ်သံရုံး သတိပေး


ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းသည် ယခုလ ၂၅ ရက်နေ့တွင် တစ်နှစ်ပြည့်မည် ဖြစ်ခြင်းကြောင့် သြဂုတ်လ ကုန်ဆုံးသည်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သံရုံးဝန်ထမ်းများ ခရီးသွားလာခြင်းမပြုရန် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားသည်။

ARSA တိုက်ခိုက်မှု တစ်နှစ်ပြည့်နီးကပ်လာခြင်းကြောင့် လူထုမငြိမ်သက်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့များသို့ ခရီးသွားလာခြင်းမပြုရန် အမေရိကန်သံရုံးက တားမြစ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် စာသင်ကျောင်း ၊ ဆေးရုံ၊ ဘုရားကျောင်း ၊ ပို့ဆောင်ရေးစခန်း အပါအ၀င် ခရီးသွားရောက် လည်ပတ်သည့် နေရာများနှင့် လူစည်ကားရာနေရာများတွင်လည်း နိုးနိုးကြားကြားရှိကြရန် ၊ လုံခြုံရေးနှင့် ပတ်သက်ပြီး မိသားစု ၊ မိတ်ဆွေများကိုလည်း သတိပေးကြရန် သံရုံးမှ ညွှန်ကြားထားသည်။
“လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ပေါ်မှာရော ရခိုင်မြောက်ပိုင်းမှာပါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတာတွေရှိနေပါတယ်” ဟု အမေရိကန်သံရုံး၏ သတိပေးချက်အပေါ် ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က မဇ္ဈိမသို့ပြောသည်။
သံရုံးဝန်ထမ်းများအနေဖြင့် တစ်စုံတရာအကြောင်းအရာကိစ္စပေါ်ပေါက်ပါက အကူအညီတောင်းခံရန် ဆက်သွယ်ရမည့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ဖုန်းနံပါတ် (+95-1-536-509 ) နှင့် အီးမေးလ် လိပ်စာ  ACSRangoon@state.gov တို့ကိုလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ လုံခြုံရေးစခန်းပေါင်း ၃၀ ကို ARSA အဖွဲ့မှာ ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် မြန်မာဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီ အမြောက်အမြား တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

0 comments:

Post a Comment