Tuesday, August 21, 2018

သတင်းထောက်များကို ဆဲဆိုခြိမ်းခြောက်ခဲ့သူအား အမှုဖွင့်


မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာတွင် လမ်းမြေအငြင်းပွားမှုသတင်းရယူရန်သွားရောက်ခဲ့သည့်သတင်းထောက်များကို ညစ်ညမ်းစွာဆဲဆို၍ ထောင်ချပစ်မည်ဟုကြိမ်းဝါးခြိမ်းခြောက်ခဲ့သူအား ငဖဲမြို့မ ရဲစခန်း တွင် သြဂုတ်လ ၂၀ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဒါန်းကျေးရွာဒေသခံများက အများပိုင်လမ်းနယ်မြေတွင် လူတစ်ဦးမှကျူးကျော်နေအိမ်အခိုင်အမာဆောက်လုပ်နေသည်ဟုဆိုကာ သြဂုတ်လ ၂၀ရက်နေ့၌ ပဒါန်းလမ်းဆုံ၊ပုသိမ်-မုံရွာလမ်းမ စားသောက်ဆိုင်တစ်ခုတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မကွေး၊မင်းဘူးဒေသခံ သတင်းထောက် ၁၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းဓာတ်ပုံရယူရန်အတွက် ဒေသခံများနှင့်ရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းထောက်တို့သည် ပုသိမ်-မုံရွာလမ်း၊ပဒါန်းလမ်းဆုံအနီး ၂ဖာလုံခန့်အကွာရှိ လမ်းမြေအငြင်း ပွားရာနေရာသို့ သွားရောက်ကာသတင်းဓာတ်ပုံများရယူနေစဉ် ဒေသခံများ၏ပြောစကားအရ လမ်းမြေတွင်ကျူးကျော်ကာ နေအိမ်အခိုင်အမာ ဆောက်လုပ်နေထိုင်သည်ဟုဆိုသော အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှ သတင်းထောက်များနှင့် ဒေသခံများအား ဖုန်းဖြင့်မှတ်တမ်းဓာတ်ပုံများ ပြန်လည်ရယူရိုက်ကူးခဲ့ပြီး အမျိုးသားမှ သတင်းထောက်များအား ညစ်ညမ်းစွာ အော်ဟစ်ဆဲဆိုကာ ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အဆိုပါကိစ္စကို Tomorrow ဂျာနယ်မှ သတင်းထောက် ပိုင်ဇေက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ Tomorrow သတင်းထောက် ပိုင်ဇေ (ခ) ဦးအောင်သက်ပိုင်မှတရားလိုပြုလုပ်ကာ သက်သေအဖြစ် မြန်မာ့အလင်းသတင်းထောက်ဦးလှဝင်း၊ News Watch ဂျာနယ် သတင်းထောက် ဦးမျိုးလှိုင်ဝင်းနှင့် ရတနာပုံသတင်းစာမှ သတင်းထောက်ဦးဌေးလွင်သောင်းတို့အား ခေါ်ဆောင်ပြီး ငဖဲမြို့မရဲစခန်းတွင်ပဒါန်းကျေးရွာ၊ကျောက်တန်းလေးရပ် နေထိုင်သူ သားကြီး(ခ)နေမင်း(၃၄) နှစ်အားညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက်မှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ငဖဲမြို့မရဲစခန်းမှ သိရသည်။
ဦးအောင်သက်ပိုင်၏တရားလိုပြုလုပ်တိုင်တန်းချက်အရ ငဖဲမြို့မရဲစခန်းမှ သားကြီး(ခ)နေမင်းအား  (ပ)၉၀/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၂၉၄/၅၀၆ဖြင့်အမှုဖွင့်ထားပြီး ပဒါန်းရဲကင်းစခန်းမှ ဒုရဲအုပ်ဌေးကျော်ကျော်မှ အမှု အား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


Mizzima - News in Burmese

0 comments:

Post a Comment