Wednesday, August 22, 2018

ရေဘေးအတွက် UAE မှ ကန်ဒေါ်လာ သန်း ၁၀၀ ကူညီမှုကို အိန္ဒိယ ငြင်းပယ်


လူ ၄၀၀ ထက်မနည်းသေဆုံးခဲ့သည့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံ ကေရာလာခရိုင်အတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကို အထူးကူညီထောက်ပံ့ငွေအဖြစ် ပေးရန် UAE အစိုးရက ကမ်းလှမ်းလာခြင်းကို အိန္ဒိယအစိုးရမှ ယမန်နေ့(သြဂုတ် ၂၂)က ငြင်းပယ်လိုက်သည်။

ယင်းသည် အိန္ဒိယအစိုးရမှ ယခုအချိန်အထိ ထောက်ပံ့ကူညီပေးခြင်းထက် ပိုမို၍ ကူညီရန် ကေရာလာခရိုင်အစိုးရ၏ တောင်းပန်ခြင်းကို UAE နိုင်ငံမှ လက်ခံကူညီရန် အဆိုပြုလာခြင်းဖြစ်သည်။
"လက်ရှိ မူဝါဒအရ ပြည်တွင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ချက်တွေကို ဗဟိုအစိုးရက ဆွေးနွေးပြီး ကူညီဖို့ပဲဖြစ်ပါတယ်"ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။
ပြည်ပမှ ကူညီပံ့ပိုးသည့်ငွေကြေးများကို အိန္ဒိယနိုင်ငံသားများ(သို့)ဒေသခံအဖွဲ့အစည်းများမှ တစ်ဆင့်သာ ကူညီလှူဒါန်းခွင့်ရှိကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
၂၀၀၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဆုနမိဘေးအန္တရာယ်နောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် ပြည်ပမှ ညီထောက်ပံ့မှုများလက်ခံခြင်းကို လျှော့ချခဲ့ကြောင်းသိရသည်။
အိန္ဒိယအစိုးရအနေဖြင့် မိမိတို့၏ ပြည်တွင်း အရေးပေါ်သဘာဝဘေးအန္တရာယ်များကို မိမိတို့ဖာသာ ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု သက်သေပြလိုခြင်းဖြစ်ကြာင်း အိန္ဒိယရေးရာ ကျွမ်းကျင်သူတို့ကဆိုသည်။
UAE နိုင်ငံမှ ကမ်းလှမ်းလာခြင်းကို သီးသန့်အမည်နာမတပ်၍ ပြောဆိုခြင်းမရှိပဲ "ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားအစိုးရများအပါအ၀င် ပြည်ပနိုင်ငံအချို့မှ ကူညီရန်ကမ်းလှမ်းလာခြင်းကို လေးလေးနက်နက် အသိအမှတ်ပြုပါကြောင်း"ဟု အိန္ဒိယအစိုးရက ဆိုသည်။
မော်လဒိုက်နိုင်ငံမှလည်း ရေဘေးကယ်ဆယ်ရေးအတွက် ငွေကြေးကူညီရန် ကတိပေးထားသေးသော်လည်း အိန္ဒိယအစိုးရက လက်ခံခြင်းမရှိသေးချေ။
ကေရာလာခရိုင်ဝန်ကြီးချုပ် Pinarayi Vijayan ကမူ UAE နိုင်ငံမှ ကူညီထောက်ပံ့ငွေများကို လက်ခံရန်အတွက် ဗဟိုအစိုးရနှင့် အဆင့်မြင့်အစည်းအဝေးတစ်ခုပြုလုပ်၍ ဆွေးနွေးလိုကြောင်း တောင်းဆိုထားသည်။
UAE နိုင်ငံမှ ကန်ဒေါ်လာ ၉၇ သန်းကျော်မျှ ကူညီရန် အိန္ဒိယဗဟိုအစိုးရသို့ ကတိပြုခြင်းဖြစ်သည်။ ကေရာလာခရိုင်ဝန်ကြီးချုပ် Pinarayi Vijayan ကမူ မိမိခရိုင်တွင် ကန်ဒေါ်လာ သန်း ၃ထောင်ဖိုးထက်မနည်း ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်နေရသဖြင့် ဗဟိုအစိုးရအနေဖြင့် ကန်ဒေါ်လာ ၃၇၅ သန်းကူညီပံ့ပိုးရန် တောင်းဆိုထားသည်။

0 comments:

Post a Comment