Wednesday, August 22, 2018

လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရေးမှူးတို့ ၆၆ (ဃ) ဖြင့် အပြန်အလှန်အမှုဖွင့်ထားမှုကျေအေး

ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ယင်းမြို့နယ်ပညာရေးမှူးတို့ တစ်ဦးကိုတစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အပြန်အလှန်အမှုဖွင့်ထားခြင်းကို တစ်လကျော်ကာလအကြာတွင် ကျေအေးလိုက်ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး လူမှုကွန်ရက် ဖေ့စ်ဘွတ်စ်ပေါ်တင်သည့် စကားရပ်များနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၁ ရက်နေ့ က ၆၆ (ဃ) ဖြင့် အပြန်အလှန်အမှုဖွင့်ခဲ့ကြခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ တွင် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဦးနှစ်ဖက်ကျေအေးလိုက်ကြခြင်းဖြစ်ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောဆိုသည်။

ယင်းကဲ့သို့ အမှုကျေအေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “သူက အန်တီကို မှားသွားပါတယ်ဆိုပြီး တောင်းပန်တယ်။ မြို့အတွက်လည်း ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပြီးပြောလို့ ကျေအေးခဲ့တာပါ။ ရဲစခန်းမှာ အမှုပိတ်သိမ်းဖို့နောက်ပိုင်း ဆောင်ရွက်သွားပါမယ်”ဟု ပြောကြားသည်။

လူမှုကွန်ရက်ပေါ်တွင် ပညာရေးဝန်ထမ်းများ လစာငွေဖြတ်တောက်ခံရခြင်းသည် လာဘ်စားခြင်းတစ်မျိုးဖြစ်သည်ဟု ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်လှလှဝင်းက Hla Hla Win ဖေ့စ်ဘွတ်စ်အကောင့်ဖြင့် ဇူလိုင်လ ၁၂ ရက်နေ့က တင်ခဲ့ခြင်းကို Screen Shot (သက်သေ)ရိုက်ပြီး ရွှေကျင်မြို့နယ် ပညာရေးမှူး ဦးစိုးသိန်းက မခိုင်လုံဘဲ စွပ်စွဲပြောဆိုခြင်းသည် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုခံရနိုင်သည်ဟု Soe Thein ဖေ့စ်ဘွတ်စ်အကောင့် ဖြင့် လူမှုကွန်ရက်ပေါ်ပြန်တင်ခဲ့သည့်အတွက် အမှုအပြန်အလှန်ဖွင့်ခဲ့ကြခြင်း ဖြစ်သည်။

The Voice

0 comments:

Post a Comment