Wednesday, August 22, 2018

ဈေးချိုဧရိယာ ကျူးကျော်များကို ယနေ့ စရှင်းမည်


ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး ဈေးချိုဧရိယာတွင် ကျူးကျော်ဖွင့်လှစ်ထားသည့်ဆိုင်များနှင့် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို ဩဂုတ် ၂၃ (ယနေ့) မှစတင်ကာ ရှင်းလင်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
ဈေးချိုဧရိယာဖြစ်သော ၂၈ လမ်းနှင့် ၂၉ လမ်းတွင် ၈၄ လမ်းမှ ၈၆ လမ်းအထိ၊ ၈၅ လမ်းတွင် ၂၈ လမ်းမှ လမ်း ၃၀ ကြားရှိ လမ်း၊ မြောင်း၊ ပလက်ဖောင်းပေါ် ကျူးကျော်ကာ ဆိုင်ဆောက်လုပ်ထားခြင်း၊ ဈေးဆိုင်တည်ခင်း ရောင်းချခြင်း၊ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကြောင့် ယာဉ်ကြောကျပ်မှုများ ဖြစ်နေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်။

မန္တလေးမြို့တော်စည်ပင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများသည် ဩဂုတ်လလယ်မှစ၍ တိုင်းတာ ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ပြီးနောက် ကျူးကျော်ဆောက်လုပ်ထားသည့် ဆိုင်များကို ဩဂုတ်လ ၂၂ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် ပြောကြားထားသည့်အပြင် အကြောင်းကြားစာများလည်း ပေးပို့ထားကြောင်း ဈေးချိုတော်ရှိ ဆိုင်ခန်းပိုင်ရှင်အချို့ထံမှလည်း သိရသည်။

“ရှင်းကြလင်းကြတဲ့အခါမှာ လက်လုပ်လက်စားတွေ အခက်အခဲဖြစ်မှာစိုးတယ်။ ဒါပေမဲ့ တစ်ခုကိုအလျှော့ပေးရင် တစ်ခုကကန်းတက်မှာစိုးလို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်မယ်။ ပွဲရုံသူဌေးတွေက နေရာငှားစားတော့ အကုန်လုံးကိုရှင်းမယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။

လမ်းပိတ်ဆို့မှုဖြစ်စေသည့်ဆိုင်များကို ဖယ်ရှားရှင်းလင်းမည်ဖြစ်ရာ စည်းကမ်းမလိုက်နာသူများကိုလည်း စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ ထပ်မံသိရသည်။

The Voice

0 comments:

Post a Comment