Wednesday, August 22, 2018

ရန်ကုန်ပလက်ဖောင်းပေါ်ရှိ ကြော်ငြာဆိုင်းဘုတ်များ ဖယ်ရှားရန် စီစဉ်ပြီးဟု လွှတ်တော်ကိုယ်စားလှယ်ပြော


ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများရှိ လူသွားလမ်းပလက်ဖောင်းပေါ်တွင် ကြော်ငြာဆိုင်းဘုတ်များကို ဖယ်ရှားရန်စီစဉ်ပြီးဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
အဆိုပါကြော်ငြာဆိုင်းဘုတ်များ စိုက်ထူထားခြင်းကို ဖြုတ်သိမ်းပြီး ပြန်လည်ပြောင်းရွှေ့စိုက်ထူမည်ဟု မြို့တော်ဝန်က ပြောကြားကြောင်း ၎င်းက ပြောကြားသည်။

ကြော်ငြာဆိုင်းဘုတ်များကို ကားမှတ်တိုင်ပတ်ဝန်းကျင်ရှိ လူသွားလမ်း ပလက်ဖောင်းအလယ်တွင် စိုက်ထူထားသောကြောင့် ပြည်သူများသွားလာရသည်မှာ အဆင်မပြေမှုများရှိနေကြောင်း ယင်းဆိုင်းဘုတ်စိုက်ထူခြင်းအပေါ် မြို့ခံများက ဝေဖန်ပြောကြားသည်။

အဆိုပါကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းစိုက်ထူရန် ဩဂုတ်လ တတိယအပတ်က ရန်ကုန်မြို့တော်ဝန်ထံ တင်ပြထားပြီး စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည့်တိုင်းဒေသကြီးလွှတ်တော်ကျင်းပချိန်အထိ မရွှေ့ပြောင်းဖြစ်ပါက လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြို့တော်ဝန်ကို လှမ်းပြောလိုက်တော့ သူကမသိဘူးပြောတယ်။ မြို့နယ်တွေမှာ လုပ်တာဆိုတော့ တချို့ဟာတွေက မသိနိုင်ဘူးဖြစ်တတ်ပါတယ်။ အဓိက သိပြီးရင် ဘာဆက်လုပ်မလဲဆိုတာ အရေးကြီးပါတယ်။ သူကလည်း ဒီဆိုင်းဘုတ်တွေကို ပြန်ဖြုတ်ပြီး သင့်တော်တဲ့နေရာကို ပြန်လည်စိုက်ထူဖို့ ညွှန်ကြားမယ်လို့ပြောပါတယ်” ဟု ဦးရန်အောင်က ဆိုသည်။

လူသွားလမ်းပလက်ဖောင်းပေါ်တွင် ကြော်ငြာဆိုင်းဘုတ်စိုက်ထူထားသည့် နေရာများမှာ မြို့တော်ခန်းမအရှေ့၊ ကမ္ဘာ အေးဘုရားမှတ်တိုင်အနီး၊ ပြည်လမ်းမပေါ်၊ လွှတ်တော်ပတ်ဝန်းကျင်တို့တွင်သာမက ရန်ကုန်မြို့ လူစည်ကားရာနေရာအနှံ့တွင် စိုက်ထူထားကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လူသွားပလက်ဖောင်းပေါ်ရှိ ကြော်ငြာဆိုင်းဘုတ်များ ဖယ်ရှားမည့်အစီအစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

The Voice

0 comments:

Post a Comment