Wednesday, August 22, 2018

အမေရိကန် အထက်လွှတ်တော်နှင့် ပညာရှင်များကို ဆိုက်ဘာဖောက်ထွင်းသူများ ပစ်မှတ်ထား


ရုရှားက ဆိုက်ဘာဖောက်ထွင်းသူတွေဟာ အမေရိကန် အထက်လွှတ်တော်နဲ့ တတ်သိပညာရှင်တွေကို ပစ်မှတ်ထားနေတယ်လို့ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော်နဲ့ ရှေးရိုးစွဲ အမေရိကန် တတ်သိပညာရှင်တွေကို ဆိုက်ဘာနည်းပညာသုံး တိုက်ခိုက်နေတဲ့၊ ရုရှားအစိုးရနဲ့လည်း ပတ်သက်မှုရှိတဲ့ ဆိုက်ဘာ ဖောက်ထွင်းသူ ဟက်ကာတွေကို မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းက သြဂုတ် ၂၁ ရက်မှာ တရားစွဲလိုက်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အောက်လွှတ်တော် အမတ်နေရာ ရွေးကောက်ပွဲမတိုင်ခင် ရုရှားအစိုးရဟာ တိုက်ခိုက်တာတွေ တိုးလုပ်နေတယ်လို့လည်း သတိပေးလိုက်ပါတယ်။
“သူတို့ဟာ ရုရှားနဲ့ ပူတင်ကို ဘွင်းဘွင်းရှင်းရှင်း ဆန့်ကျင်တဲ့ ရှေးရိုးစွဲ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အင်တာနက် စာမျက်နှာတွေကို အတုဖန်တီးတယ်၊ ဒီတော့ နည်းပညာအရ ပညာရှင်မဟုတ်တဲ့သူတွေကို သိမ်းသွင်း စည်းရုံးနိုင်လောက်အောင် ဆန်းပြားရှုပ်ထွေးသွားတယ်၊ ဒီစာမျက်နှာတွေဟာ ဟူစတန်တက္ကသိုလ် ဒါမှမဟုတ် International Republican Institute တို့နဲ့ ချိတ်ဆက်ထားတယ်လို့ နိုင်ငံရေးကိုယ်စားလှယ် တဦး ဒါမှမဟုတ် သုတေသနပညာရှင် တဦးကို လက်ခံယုံကြည်စေနိုင်တယ်၊ ဒါပေမယ့် မိုက်ခရိုဆော့ဖ်လို ကုမ္ပဏီတွေ မဖြေရှင်းနိုင်လောက်အောင်တော့ မရှုပ်ထွေးဘူးပေါ့” လို့ ဆိုင်ဘာကင်းထောက်အဖွဲ့ကို တည်ထောင်သူ အဒမ်လေဗင်က ပြောပါတယ်။
အထက်လွှတ်တော်နဲ့ တတ်သိပညာရှင်တွေပိုင်တဲ့ အင်တာနက် စာမျက်နှာတွေကို အသွင်ယူ တုပထားတဲ့ ဝက်ဘ်ဆိုက် ဒိုမိန်း ၆ ခုကို ဟက်ကာတွေက ဖန်တီးထားခဲ့တာပါ။
အဲဒီ ဒိုမိန်း ၆ ခုကို အရင်အပတ်က ထိန်းချုပ်ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က သြဂုတ် ၂၀ မှာ ပြောပါတယ်။
“မဲဆန္ဒနယ်တခုက ရွေးကောက်ပွဲ ရလဒ်တွေအပေါ် သံသယတွေကို ဖန်တီးဖို့ အစိုးရ ထောက်ပံ့ခံ ဟက်ကာတယောက် လုပ်ဖို့လိုတာ ဒါပဲ။ ကျေန်ာတို့ရဲ့ မဲပေးတဲ့စနစ်တခုလုံးအပေါ် မေးခွန်းထုတ်လာအောင် လုပ်နိုင်တယ်၊ မဲရုံတွေကို ဖွင့်မပြဖို့ ခင်ဗျားတို့က လူတွေကို ဘဝင်ခိုက်အောင် ပြောနိုင်မယ်၊ ရလဒ်တွေကို ပြောင်းမယ်၊ မဲရှင် မှတ်ပုံတင်မှု လုပ်ငန်းစဉ်ကို ပြောင်းမယ့် အလားအလာတွေ ဖန်တီးမယ်၊ ဒါတွေအားလုံးဟာ ဒီမိုကရေစီကို အကြီးအကျယ် သက်ရောက်စေနိုင်တယ်၊ အင်မတန်အရေးကြီးတဲ့ ကိစ္စပဲ” လို့ အဒမ်က ဆက်ပြောပါတယ်။
အင်တာနက်စာမျက်နှာ အတုတွေကို ဝင်ဖတ်မိတဲ့ သုံးစွဲသုံးသူတွေဟာ ဝင်ကြည့်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကို ပေးဖို့ အတောင်းခံရပါတယ်။
“စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်အတွက် အန္တရာယ်တွေကို ကြည့်မယ်ဆိုရင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ညွှန်မှူး ဒန်ကုတ်စ် ပြောတဲ့အတိုင်း မီးနီတွေက တဖျတ်ဖျတ် ခပ်နေပြီ” လို့လည်း အဒမ်လေဗင်က ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း တရားရုံးက လုပ်ခွင့်ပေး၊ အတည်ပြုထားတဲ့ အရေးယူမှု ၁၂ ကြိမ်လုပ်ခဲ့ပြီး အင်တာနက်စာမျက်နှာအတု ၈၄ ခုကို ပိတ်ချခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment