Tuesday, September 4, 2018

ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင်လုပ်ရန်လိုအပ်ပြီး အလုပ်မဖြစ်နိုင်သည့် စီမံကိန်းကြီးများ၊ မြေအောက်လမ်း၊ မိုးပျံလမ်းနှင့် မြို့သစ်စီမံကိန်းကြီးများကို ရပ်ဆိုင်းရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး



၂၀၃၀ ခုနှစ်တွင် ထိပ်တန်းစက်မှု နိုင်ငံဖြစ်ရန် တည်ဆောက်မည်ဟု ကြွေးကြော်နေမည့်အစား ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင် လုပ်ရန်လိုအပ်ပြီး အလုပ်မဖြစ်နိုင်သည့် စီမံကိန်းကြီးများ၊ မြေအောက်လမ်း၊ မိုးပျံလမ်းနှင့် မြို့သစ်စီမံကိန်းကြီးများကို ရပ်ဆိုင်းရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆွေးနွေးသည်။ 
နေပြည်တော်၌ စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်း လုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အန္တရာယ်ကြုံရတဲ့ အချိန်နဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုဟာဆိုရင် ကျွန်တော်တို့နိုင်ငံကို အချိန်မရွေး ပြိုကွဲပျက်စီးနိုင်တဲ့ နိုင်ငံတွေရဲ့ စာရင်းမှာ အဆင့် ၂၆ ကနေ ၂၂ ကို မြှင့်တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အပေါ်မှာ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားစတဲ့ နိုင်ငံတွေလောက်ပဲ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီဟာကို အရေးတကြီးလုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်ဖို့လိုတာကတော့ နိုင်ငံကို ၂၀၃၀ ပြည့် နှစ်မှာ ထိပ်တန်းစက်မှုနိုင်ငံကြီးဖြစ်အောင် တည်ဆောက်မယ်လို့ ကြွေးကြော်နေမယ့်အစား လောလောဆယ် ပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်အောင် လုပ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလို လုပ်ပေးဖို့အတွက် လောလောဆယ်မှာ အလုပ်မဖြစ်နိုင်တဲ့ မဟာစီမံကိန်းကြီးတွေ၊ Mega Plan တွေ၊ မြေအောက်လမ်းတွေ၊ မြို့ထဲ မိုးပျံလမ်းတွေ၊ မြို့သစ်စီမံကိန်းကြီးတွေကို လုံးဝရပ်ဆိုင်းသင့် ရင်ရပ်ဆိုင်း သို့မဟုတ် ယာယီရပ်ဆိုင်းပစ်တာမျိုး မဟုတ်ရင်လည်း ဖျက်သိမ်းဖို့လိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဦးရဲထွဋ်က ဆွေးနွေးသည်။ 

အစိုးရ၀န်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်တောင်းရာတွင် ယောက္ခမသေ၍ အမွေခွဲသကဲ့သို့ အပြိုင်အဆိုင်တောင်းခံခြင်း မပြုသင့်ဘဲလိုသမျှသာ တောင်းခံသင့်ကြောင်း၊ ဘတ်ဂျက်ပိုလျှံသည့်အတွက် ပြန်အပ်နေခြင်းသည် နှစ်စဉ်ဖြစ်နေကြောင်း၊ အသုံးမပြုဘဲ ပြန်အပ်သည့်ငွေများအား မူလကတည်းက တောင်းခံခြင်းမပြုပါက ဘတ်ဂျက်လိုငွေများစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

“အစိုးရဌာနတွေရဲ့ ဘတ်ဂျက်ငွေတွေကို တောင်းရာမှာလည်း ယောက္ခမသေလို့ အမွေခွဲသလို အပြိုင်အဆိုင်မတောင်းကြဘဲနဲ့ လိုသလောက်သာ တောင်းဖို့လိုပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ဘတ်ဂျက်ပိုလျှံငွေ အသားတင် ပြန်အပ်ငွေဟာ ကျပ် ၇၉၂ ဘီလျံ ရှိခဲ့ပေမဲ့ ၂၀၁၆-၂၀၁၇ မှာ ဘတ်ဂျက်ပိုလျှံ ငွေအသားတင်ပြန်အပ်ငွေဟာ ကျပ် ၁၆၈၇ ဘီလျံ ရှိပြီးတော့ ၂၀၁၇-၂၀၁၈ မှာ ကျပ်ပေါင် ၂၂၅၇ ဘီလျံ ရှိပါတယ်။ ဒီမသုံးဘဲ ပြန်အပ်တဲ့ငွေတွေအစား မူလကတည်းက မတောင်းဘဲနေရင် ကျွန်တော်တို့ ဘတ်ဂျက်လိုငွေဟာ အများကြီး လျှော့နည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရသစ် တက်စက ခြိုးခြံချွေတာတဲ့အနေနဲ့ ၀န်ကြီးဌာန ၁၈ ခုသာထားမယ်။ ဒုတိယ၀န်ကြီးတွေလည်း မခန့်ဘူး။ ၀န်ကြီးတစ်ဦးကို ကားလေးစီး မယူဘဲ တစ်စီးသာယူပါလို့ ပြောခဲ့တဲ့အတွက် ပြည်သူကလည်း ကျေနပ်အားရခဲ့ကြပါတယ်။ သို့ပေမဲ့ နောက်ပိုင်းမှာတော့ ပြောင်းလဲသွားပါတယ်” ဟု ဦးရဲထွဋ်က ဆွေးနွေးသည်။ 

ဘတ်ဂျက်လိုငွေပြမှုနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၁၄၃၈ ကျပ်အထိ စံချိန်တင်ခဲ့ပြီး ၂၀၁၈ တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၆၀ အထိ မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာတွင် ဒေါ်လာဈေးတွေတက်၍ မြန်မာပြည်၌ တက်သည်ဟု ပြော၍ရကြောင်း၊ သို့ရာတွင် အိမ်နီးချင်း နိုင်ငံများတွင် ဒေါ်လာဈေးတက်သည့်အတွက် ငွေတန်ဖိုးမြင့်တက်မှုသည် ၂ ရာ ခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းထိရှိပြီး မြန်မာနိုင်ငံတွင်မူ ငွေတန်ဖိုးကျဆင်းမှုသည် ၁၃ ရာခိုင်နှုန်းထိရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ငွေတန်ဖိုး ကျဆင်းမှုကြောင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်နေသည့် ဆန်၊ ဆီ၊ ဆေးဝါး စသည့် အခြေခံစားကုန်များ၏ ဈေးနှုန်းသည် အလွန်တက်နေကြောင်း၊ ဒေါ်လာဈေးမြင့်တက်မှုဒဏ်ကို မြန်မာနိုင်ငံအနေဖြင့် ပိုမိုခံစားနေရသည့် အကြောင်းအရင်းများထဲမှ အကြောင်းတစ်ခုမှာ နှစ်စဉ်ဆက်တိုက် ဘက်ဂျက်လိုငွေပြနေခြင်း၊ ချေးငွေပမာဏများပြားခြင်း၊ ပြည်တွင်း ထုတ်ကုန်ကျ ဆင်းနေခြင်း၊ ကုန်သွယ်မှုလိုငွေပြနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆွေးနွေးသည်။ 

၂၀၁၈-၂၀၁၉ မှာ ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၄၉၀၃ ဘီလျံ သန်းရှိပြီး အစိုးရ အဆက်ဆက် ၀န်ကြီးဌာနများ၏ ချေးယူထားသည့် ပြည်ပကြွေးမြီပေါင်းသည် ဒေါ်လာ၁၈ ဒသမ ၁၂၃ ဘီလျံရှိကြောင်း၊ ၂၀၁၁-၂၀၁၂ တွင် ပြည်တွင်း၊ ပြည်ပအတိုးပေးရငွေ စုစုပေါင်း ကျပ် ၄၇၃ ဘီလျံရှိပြီး ၂၀၁၇-၂၀၁၈ တွင် အတိုးပေးငွေစုစုပေါင်း ကျပ် ၁၂၉၉ ဒသမ ၆၃၂ ဘီလျံ ရှိကြောင်း၊ ယခင် အစိုးရလက်ထက်က ကျန်ခဲ့သည့် သိန်းတစ်ထောင်တန် မာစီးတီးကားများကို ခွဲဝေမယူဘဲ လေလံတင်ရောင်းချလိုက်ပါက ဘတ်ဂျက်လိုငွေပြမှုကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုမည်ဟု မြင်ကြောင်း ၎င်းက ဆွေးနွေးသည်။ 

“ဘတ်ဂျက်လိုငွေ လျော့ချဖို့အတွက် နောက်ထပ်လုပ်သင့်တဲ့အလုပ်ကတော့ မလိုအပ်တဲ့ ဌာနတွေ၊ မလိုအပ်တဲ့ ရာထူးတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။ အစိုးရဌာနတွေမှာ ပိုလျှံနေတဲ့ ရာထူးတွေကို ဖောင်းပွနေတဲ့ ရာထူးတွေကိုလည်း ဖျက်သိမ်းပစ်ဖို့ လိုပါတယ်။ ညွှန်ချုပ်တွေ၊ ဒုညွှန်ချုပ်တွေရှိပါလျက်နဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်တွေ အများကြီးခန့်အပ်တာကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။ 

စိုးမင်းထိုက်၊ စည်သူ 
Eleven Media Group

0 comments:

Post a Comment