Sunday, September 30, 2018

တနင်္သာရီမြစ်အထက်ပိုင်းတွင် သောင်တင်နေသည့် သင်္ဘောနှင့်ပတ်သက်၍ ဒေသခံများ စိုးရိမ်


တနင်္သာရီမြစ်ဖျား အထက်ပိုင်းတွင် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရပ်နားထားသည့် ရွှေတူးသင်္ဘော ၁ စီးရွာအရှေ့ချောင်းအတွင်း သောင်တင်နေပြီး လုပ်ငန်း ပြန်လုပ်မည်ကို ဒေသခံများ စိုးရိမ်မှု ရှိနေကြောင်း သိရသည်။ 
“ရွာနားမှာ ရောက်နေတဲ့ ရွှေတူးသင်္ဘောက အပေါ်ပိုင်းကနေပြီး မျောကျလာတာပါ၊ အရင်တုန်းကတော့ ရွှေတူးနေတဲ့သင်္ဘောပါ၊ ရွာသားတွေ ဟန့်တားထားလို့ ကုမ္ပဏီက ရပ်နားထားပါတယ်၊ စက်ယန္တရားတွေက အကောင်းကြီး ရှိနေသေးတော့ လုပ်ငန်း အချိန်မရွေး ပြန်လုပ်မှာကို စိုးရိမ်နေတာ ဖြစ်တယ်”ဟု ဆာရ၀ကျေးရွာနေ ဦးစောဒီက ပြောသည်။ 

တနင်္သာရီမြို့တွင် မြစ်ရေကြီးပြီးနောက် ၄င်း သင်္ဘောသည်၊ ရေစီးဖြင့် ကြိုးပြတ်၍ မျောကျလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ 

အဆိုပါ သင်္ဘောမှာ ရွှေထွန်းပေါက်ကုမ္ပဏီမှ ရပ်နားထားသည့် ရွှေတူး သင်္ဘော ၆ စီးအနက် တစ်စီး ဖြစ်ပြီး တနင်္သာရီမြစ် အပေါ်ပိုင်းရှိ အောင်သာဝရ အထက် မောဖိုးနှင့် မယ်ငေါကျေးရွာ အနီးတွင် ရွှေနှင့် ခဲ/ သတ္တုများကို ထုတ်ယူ တူးဖော်နေသော သင်္ဘောဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည် 

ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလမှ စ၍ ရွှေတူးသင်္ဘော ၆ စီးဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ အထိ လုပ်ကိုင်ခဲ့ပြီး၊ လုပ်ငန်းစတင်ချိန်တွင် မြစ်သဲ/ ကျောက်များ ထုတ်ယူမည်ဟု ပြောဆိုခဲ့ပြီး၊ ယင်းနောက် ရွှေနှင့် ခဲသတ္တုများကို ထုတ်ယူခဲ့ကြောင်း စောင့်ကြည့်လေ့လာနေသူ ဒေသခံများထံမှ သိရသည်။ 

“မြစ်ရိုးတစ်လျှောက်မှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေ အများစုက ဒီမြစ်ရေကိုပဲ ချိုးတယ်၊ သောက်တယ်၊ ဒီထဲကပဲ သား/ ငါးတွေကို ဖမ်းစားပါတယ်၊ သူတို့ လုပ်ငန်း လုပ်ချိန်က ဆိုလျှင် ရေတွေ နောက်လာတယ်၊ သောက်သုံးဖို့ မရတော့တဲ့ အထိ ဖြစ်သွားတယ်၊ နောက်ပြီး ရေနေသတ္တ၀ါတွေ ဖြစ်တဲ့ ငါးတွေလည်း ရှားပါးလာတယ်”ဟု သီဝရှောက်သီးကုန်း ကျေးရွာနေ သင်းအုပ်ဆရာ ဦးစောဒယ်နီဝင်းက ပြောသည်။ 

ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်ချိန်တွင် တောင်နံရံနှင့် မြစ်ထဲသို့ ပြဒါးများ ချ၍ ရွှေတူး ထုတ်ယူမှုကြောင့် ဒေသခံအချို့ မြစ်ရေနှင့် ငါးများကို စားသုံးမိရာမှ အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဆင်မကျေးရွာနေ ဦးစောသန်းထွဋ်က”သင်္ဘောက ဒီအတိုင်း ရှိနေတာကို ကျွန်တော်တို့ မလိုချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်း ပြန်လုပ်လာမာကို စိုးရိမ်လို့ပါ၊ ဒါကြောင့် ဒီသင်္ဘောတွေကို ဖျက်သိမ်းပေးစေချင်ပါတယ်”ဟု ပြောသည်။ 

တနင်္သာရီမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူရက " သတင်းကတော့ ကျွန်တော်တို့ ရထားပါတယ်၊ ဒေသခံတွေ ပြေပြထားလို့ပါ၊ လွန်ခဲ့တဲ့ ၂ လလောက်ကပါ၊ အဲ့ဒီ သင်္ဘောက တကယ် မျှောကျလာတယ် ။ သောင်တင်နေတယ် ဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး၊ သေချာအောင်တော့ နိုဝင်ဘာလထဲမှာ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေနဲ့ သွားကြည့်မှာပါ”ဟု ပြောသည်။ 

" အခု သင်္ဘောသောင်တင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်မှု ရှိနေသလို တကယ်လို့ ရွှေတူး သင်္ဘောနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြို့နယ်ထဲမှာ ပြန်လုပ်မယ်ဆိုလျှင် လုံးဝ လက်ခံမှာ မဟုတ်ဘူး၊ တကယ်လို့ ကုမ္ပဏီက တိတ်တဆိတ် လုပ်မယ်ရင်တောင် သတင်းအချက်အလက်တွေ အချိန်မရွေး ရနိုင်တာမို့ ခွင့်ပြုပေးဖို့ အစီအစဉ် မရှိပါဘူး၊ မကြာမီ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ညှိုနှိုင်းပြီး သွားရောက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးအောင်သူရက ထပ်လောင်း ပြောဆိုသည်။ 

ယင်းသို့ ရွှေတူးမှုကြောင့် မြစ်ရိုးတစ်လျှောက်ရှိ အချို့ နေရာများတွင် သောင်ထွန်းမှုများ ဖြစ်ပွားခဲ့ပြီး မြစ်ဖျားပိုင်းတွင် နေထိုင်သည့် ဒေသခံများ စက်လှေဖြစ် သွားလာရန် ခက်ခဲမှုတွေ ကြုံခဲ့ရကြောင်း သိရသည်။ 

လက်ရှိမှာ အဆိုပါ သင်္ဘောနီင့်ပတ်သက်ပြီး ကုမ္ပဏီဘက်သို့ ဆက်သွယ် မေးမြန်းရာ ကုမ္ပဏီအနေဖြင့် ၎င်းလုပ်ငန်းကို ရပ်နားထားတာ ကြာပြီဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း လုပ်ငန်းကို လုပ်ကိုင်တော့မည် မဟုတ်ကြောင်း ရွှေထွန်းပေါက်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်းဖြင့် ပြန်လည်ဖြေဆိုသည်။

မဇ္ဈိမ

0 comments:

Post a Comment