Sunday, September 30, 2018

အင်အားအလွန်ပြင်းသည့် တိုင်ဖုန်းမုန်တိုင်း ဂျပန်ကိုဦးတည်ဝင်ရောက်


ဂျပန်နိုင်ငံတောင်ပိုင်းဒေသရှိ အိုကီနာဝါကျွန်းသို့ စနေနေ့က အင်အားအလွန်ပြင်းထန်သည့် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ငါးဦးခန့်ရှိကြောင်းနှင့် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး အိုကီနာဝါတွင် မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားရမည်ဖြစ်သည်ဟု အာဏာပိုင်များက သတိပေးထားကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါတိုင်ဖုန်း၏အမည်မှာ ထရာမိဖြစ်ပြီး ပြင်းအားမှာ တစ်နာရီလျှင် ၁၃၄ မိုင်ခန့်ဖြင့် အိုကီနာဝါထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် တနင်္လာနေ့အထိ ဂျပန်တစ်နိုင်ငံလုံးတွင် ရာသီဥတုဆိုးရွားနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ထားသည်။ 

ဂျပန်ရုပ်သံဌာနများ၏ ထုတ်လွှင့်ပြသချက်တွင် အိုကီနာဝါကျွန်း၊ နာဟာမြို့လမ်းမကြီးပေါ်တွင် လေပြင်းများ တိုက်ခတ်၍ သစ်ကိုင်းများလွင့်ထွက်လျက်ရှိသည်ကို တွေ့ရသလို ပင်လယ်ပြင်ဘက်က လှိုင်းလုံးကြီးများကိုလည်း တွေ့ရသည်။ 

အင်အားပြင်း ထရာမိမုန်တိုင်းကြောင့် အိုကီနာဝါတွင် လူပေါင်း ၆၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်စေခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ 

နေအိမ် ၁၂၀၀၀၀ ကျော်ခန့်တွင် လျှပ်စစ်မီးများမရရှိကြောင်း NHK သတင်းဌာနက ရေးသားဖော်ပြသည်။ ဒေသခံအရာရှိများက အိုကီနာဝါတွင် မုန်တိုင်းကြောင့် လူခုနစ်ဦး ဒဏ်ရာရခဲ့သော်လည်း လူသေဆုံးမှုမရှိသေးကြောင်း အတည်ပြုပြောကြားသည်။ 

“ထိခိုက်ဒဏ်ရာရတဲ့သူဦးရေ မြင့်တက်လာနိုင်ပါတယ်၊ ကျွန်တော်တို့ သတင်းအချက်အလက်တွေ စုစည်းနေတုန်းပါပဲ” ဟု အိုကီနာဝါကျွန်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူ မိုတုကီမီနီက ပြောကြားသည်။ 

“တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်နေချိန်မှာ အားလုံးသတိဝိရီယရှိကြဖို့ ကျွန်တော်တို့ နှိုးဆော်လျက်ရှိပါတယ်” ဟု ၎င်းက AFP သို့ ပြောကြားသည်။ 

ဂျပန်မိုးလေဝသ အေဂျင်စီက လေပြင်းများတိုက်ခတ်ခြင်း၊ ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းစသည်တို့ဖြစ်ပေါ်နိုင်ကြောင်း ပြည်သူများကို သတိပေးချက်ထုတ်ပြန်သည်။ ထို့ပြင် ယင်းတိုင်ဖုန်းသည် အင်အားပိုမိုကြီးမားလာပြီး တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဂျပန်အနောက်ပိုင်းဒေသသို့ ရောက်ရှိမည်ဖြစ်သည်ဟုဆိုသည်။ 

ကုန်းတွင်းပိုင်းသို့ ပထမဆုံးစတင်ဝင်ရောက်သည့် ကာဂိုရှီးမားပင်လယ်ကွေ့တွင် ငါးဖမ်းသမားများက ၎င်းတို့၏ လှေများကို အခိုင်အမာချည်းနှောင်ကာ မုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ကြသည်။ 

“တကယ့်ကိုထိတ်လန့်စရာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါပြီးရင် နောက်ထပ် တိုင်ဖုန်းတစ်ခု ထပ်လာဦးမယ်ဆိုတာကြောင့်ပါ။ သဘာဝတရားကြီးနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်လို့ မရနိုင်ပါဘူး။ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ နည်းသည်ထက်နည်းအောင်လောက်ပဲ လုပ်လို့ရပါတယ်” ဟု အဆိုပါဒေသမှ ဒေသခံတစ်ဦးက ပြောကြားသည်။

The Voice

0 comments:

Post a Comment