Sunday, September 30, 2018

မန္တလေးရဲကင်းများကို ကျပ်သိန်း ၃၅၀ ကျော် သုံး၍ အဆင့်မြှင့်


သိန်းငှက်လုံခြုံရေးစီမံချက်နောက်ပိုင်း ဆက်လက်ဆောင်ရွက်မည့် မန္တလေးမြို့တော်လုံခြုံရေးအတွက် ရဲကင်းတဲငယ် Police Box များအတွက် ကျပ်သိန်း ၃၅၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးက ပြောကြားသည်။ 
“တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်ပါ။ အစိုးရအဖွဲ့အနေနဲ့ သိန်းငှက်စီမံချက် ဆောင်ရွက်နေတုန်းကလည်း ရဲတပ်ဖွဲ့အတွက်လိုအပ်တဲ့ စက်သုံးဆီတွေလည်း ထောက်ပံ့ပေးခဲ့တယ်။ ခုလည်း ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ကင်းစောင့်တဲ့နေရာမှာ သက်သောင့်သက်သာရှိပြီး ဆက်သွယ်ရေးလိုမျိုးကိစ္စတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေပါတဲ့ Police Box တွေ စဆောက်နေပါပြီ”ဟု ၎င်းက ပြောဆိုသည်။ 

သိန်းငှက်လုံခြုံရေးစီမံချက် နောက်ပိုင်း ဆက်လက်ဆောင်ရွက်မည့် မန္တလေးမြို့တော်လုံခြုံရေးနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၉ ရက်နေ့က တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ မီဒီယာများကိုဖိတ်ခေါ်ကာ ရှင်းလင်းခဲ့ရာ၌ ရဲမှူးကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

လုံခြုံရေးဆောင်ရွက်ရာတွင် မန္တလေးမြို့တွင်းရှိ နေရာပေါင်း ၅၀ တွင် ရဲကင်းတဲများဖြင့် စောင့်ကြည့်နေရာများ သတ်မှတ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ယခင်က လှုပ်ရှားရဲကင်းများထည့် သွင်းဆောင်ရွက်ခဲ့ရာတွင် Police Box ငါးလုံးသာထားနိုင်ခဲ့ပြီး ကျန်နေရာများတွင် ခေါက်သိမ်း၍ရသည့်တဲများသာ ထားပေးနိုင်ခဲ့ရာမှ ဆက်လက်ဆောင်ရွက်မည့် လုံခြုံရေးလုပ်ငန်းများတွင် ယင်းရဲကင်းများ၌ ဆက်လက်အသုံးပြုမည်ဖြစ်၍ အဆင့်မြင့်ရဲကင်းများထားရှိနိုင်ရန် တိုင်းရဲတပ်ဖွဲ့ကစီစဉ်နေခြင်းဖြစ်သည်။ 

“လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေစနေပြီ။ ဘယ်တော့ပြီးမလဲဆိုတာ မသိရသေးတဲ့အတွက် ဘယ်အချိန်မှာ စသုံးမယ်ဆိုတာ အခုတော့ မပြောနိုင်သေးဘူး။ အမြန်ဆုံးဖြစ်အောင် လုပ်နေတယ်။ မကြာခင်ပြီးမှာပါ”ဟု ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က ဖြည့်စွက်ပြောဆိုသည်။ 

အဆိုပါ Police Box တစ်လုံးလျှင် ကျပ် ၈၄၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး ယခင်ရှိပြီးသား ငါးလုံးမှအပ ၄၅ လုံး ထပ်မံဆောက်လုပ်ရမည်ဖြစ်၍ အစိုးရအဖွဲ့က ကျပ်သိန်း ၃၅၀ ကျော် အကုန်အကျခံကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများအဆိုအရ သိရသည်။ 

ယင်းအပြင် ဆိုင်ကယ်အစီး ၅၀ ၊ ဂျပန်စက်ဘီးအစီး ၁၀၀၊ မော်တော်ယာဉ်များအသုံးပြုရန် ဓာတ်ဆီ၊ ဒီဇယ်များ ထောက်ပံ့ပေးမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြောဆိုခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး တင်ဇော်ထွန်းက ပြောဆိုသည်။ 

မန္တလေးမြို့တော်လုံခြုံရေး ဆောင်ရွက်ရာတွင် အဆိုပါအဆင့်မြင့် ရဲကင်းတဲငယ်များအပြင် နည်းပညာမြင့် စီစီတီဗီကင်မရာ အလုံးတစ်ထောင်ကျော် တပ်ဆင်ရန် တိုင်းအစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီတို့က စီစဉ်ထားသည်။ 

မန္တလေးတိုင်းရဲတပ်ဖွဲ့အနေနှင့် ပြီးခဲ့သော ဇွန်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၉၀ ကို သိန်းငှက်ဟု အမည်ပေးထားသော စီမံချက်ဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

The Voice

0 comments:

Post a Comment