Sunday, September 30, 2018

ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်း ထရာမီ ၀င်ရောက်ရာ လူ ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရ


ဂျပန်တောင်ပိုင်းကျွန်းတွေမှာ တိုင်ဖုန်းမုန်တိုင်း ထရာမီ ၀င်ရောက်တိုက်ခိုက်တာကြောင့် ဒဏ်ရာရသူ ဒါဇင်များစွာ ရှိခဲ့ပါတယ်။ 
ဒီတိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်ကုန်းတွင်းပိုင်း တစ်ဟုန်ထိုး ဦးတည်ရွေ့လျားသွားတာကြောင့် လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီ မြေပြိုမှုတွေ၊ ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ 

ကမ္ဘာ့တတိယာ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်မှာ ဒီထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် ခရီးသွားလာရေးလုပ်ငန်းတွေ အမျှင်ပြတ်လျက်ရှိပြီး ဂျပန်အနောက်ပိုင်းမှာဆိုရင် ကျည်ဆန်ရထား ပြေးဆွဲမှုတွေ ရပ်နားထားရပြီး၊ အဓိကလေကြောင်းသယ်ယူပို့ဆောင်ရေးလည်း ပိတ်ထားရတာကြောင့် ပယ်ဖျက်လိုက်ရတဲ့ ခရီးစဉ်ပေါင်း ၁၀၀၀ နီးပါး ရှိနေပါတယ်။ 

ရုပ်မြင်သံကြားထုတ်လွှင့်မှုမှာ အိုကီနာဝါကျွန်းမှာ လေပြင်းတွေ တိုက်ခတ်တာကြောင့် ကားတွေ တိမ်းမှောက်နေပုံကို မြင်တွေ့ရပါတယ်။ ရေကြီးမှုတွေလည်း ဖြစ်ပေါ်ပြီး အိမ်ခြေအချို့လည်း ပျက်စီးသွားတာတွေ ရှိနေပါတယ်။ ဒဏ်ရာရသူ ၃၈ ဦးရှိခဲ့ကာ လူသေဆုံးမှုသတင်းတော့ မကြားသိရသေးကြောင်း ဌာနေတာဝန်ရှိသူတွေက ပြောပါတယ်။ 

အာဏာပိုင်တွေက ဒေသခံ ၃၄၉၀၀၀ ခန့်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ လျှပ်စစ်မီးပြတ်တောက်နေတဲ့ အိမ်ခြေပေါင်း သုံးသိန်းကျော်ထက် မနည်းရှိနေတယ်လို့ NHK ရုပ်သံက ကြေညာထားပါတယ်။ 

တိုင်ဖုန်းမုန်တိုင်းဒဏ် ကြုံရလေ့ရှိတဲ့ ဂျပန်မှာ အခု ထရာမီမုန်တိုင်းဟာ နောက်ဆုံးဖြစ်ပေါ်တိုက်ခတ်နေတဲ့ အားပြင်းမုန်တိုင်းပဲ ဖြစ်ပါတယ်။ 


mizzima 

0 comments:

Post a Comment