Sunday, September 30, 2018

NLD ပါတီမှ နုတ်ထွက်ခြင်းသည် အလှူငွေမထည့်နိုင်၍ နုတ်ထွက်ခြင်းမဟုတ်ဘဲ ပါတီနှင့်လွှတ်တော်တွင် ဒီမိုကရေစီဆိတ်သုဉ်းနေသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နုတ်ထွက်ခြင်းသည် အလှူငွေမထည့်နိုင်၍ နုတ်ထွက်ခြင်းမဟုတ်ဘဲ ပါတီနှင့် လွှတ်တော်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းနေသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။ 
စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

NLD ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် စာတင်ထားသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးတင်ထွန်းအောင်တို့ကို စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နုတ်ထွက်ခွင့်ပြုကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းအောင်မှာ တက်ရောက်ခြင်းမရှိပေ။ 

“ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နှစ်ယောက်စလုံးသည် အလှူငွေမပေးနိုင်လို့ဆိုတာရယ်၊ ပါတီစည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုတဲ့ဟာရယ် လုံးဝမဟုတ်ပါဘူး။ ပြီးတော့ ဒေါက်တာမျိုးညွန့်ပြောတာက အလှူငွေနဲ့ ပါတီရန်ပုံငွေနဲ့တောင် မကွဲဘူးဗျာ။ ဘာအလှူငွေလဲ၊ ရေဘေးအလှူငွေလား၊ လေဘေးအလှူငွေလား။ ဟုတ်တယ် မဟုတ်လား။ အမှန်က သူပြောချင်တာက ပါတီရန်ပုံငွေ ပြောချင်တာ။ ဒါပေမဲ့ တမင်သက်သက် မပြောဘဲနဲ့ ကျွန်တော်တို့ကို သက်သက်မဲ့ သိက္ခာချချင်တာ။ ငါ့ပါတီက ထွက်သွားတဲ့ကောင်တွေ ၊ သစ္စာဖောက်တွေ။ အဆင်းမှာ ကျွမ်းထိုးတာပေါ့နော်။ နိုင်ငံရေးလုပ်စားလို့ မရအောင်လုပ်တာ” ဟု ဦးဖေချစ်က ပြောကြားသည်။ 

ထို့ပြင် ပါတီအတွင်းနှင့်လွှတ်တော်တွင် ဒီမိုကရေစီဆိတ်သုဉ်းနေသည်မှာ အချိန်ကြာပြီဖြစ်၍ နုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးဖေချစ်က ဆိုသည်။ 

“ကျွန်တော်တို့ မြို့နယ်လည်း မြို့နယ်မှာ မို့လို့။ ခရိုင်လည်း ခရိုင်မှာမို့လို့။ လွှတ်တော်ထဲမှာလည်း လွှတ်တော်ထဲမှာမို့လို့ ဒီမိုကရေစီ ဆိတ်သုဉ်းနေတာ ကြာပြီဗျ။ အပြောကတစ်မျိုး၊ လက်တွေ့လုပ်နေတာက တစ်မျိုးအဲဒါမျိုး တွေရှိလို့ ကျွန်တော်ထွက်လိုက်တာ။ ကျွန်တော်ကတော့ ထွက်လို့ကောင်းအောင်တော့ အကြောင်းပြတာပေါ့။ ကျွန်တော်ကျန်းမာရေး မကောင်းတော့ဘူး။ ကျောက်ကပ်လည်း မကောင်းတော့ဘူး။ ကျွန်တော် ဆေးလက်မှတ်ကို တွဲပြီးတင်လိုက်တာ။ ခုတင် ၂၀၀၀ က ပါရဂူရဲ့ စစ်ချက်နဲ့။ ကျန်းမာရေးမကောင်းတော့ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်ကို ထွက်ခွင့်ပြုပါ။ အဲဒါကိုပဲဗျာ အလှူငွေမထည့်နိုင်လို့ထွက်တယ်ဆိုပြီး ပြောတဲ့အခါကျတော့ ဒါကတရားနည်းလမ်းကျလား၊ မကျလားဆိုတာ” ဟု ဦးဖေချစ်က ပြောကြားသည်။ 

ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် လျှောက်ထားသည့်စာကို ၂၀၁၈ ခုနှစ် မတ် ၇ ရက်တွင် ပါတီသို့ပေးပို့ထားပြီး ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုသည့် အကြောင်းကြားစာကို မေ ၁၅ ရက်တွင် လက်ခံရရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က ပြောကြားသည်။ 

စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင်ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီမှနုတ်ထွက်ခွင့်ပြုသည်မှာ အပြစ်ရှိ၍ မဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

“ပြစ်ချက်ရှိလို့မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကိုက ပါတီစည်းကမ်းတွေက တင်းကျပ်လွန်းတယ်ဆိုတဲ့ အချက်နဲ့ပါ။ ကျွန်တော်တို့ ပါတီကိုပြန်ပြီးတော့ အလှူငွေထည့်ဝင်ရတယ်။ ဒါတွေအတွက် သူတို့လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး သူတို့က နုတ်ထွက်ခွင့်တောင်းတာပါ။ အဲဒါကို ကျွန်တော်တို့ ဒီနေ့အစည်းအဝေးက အတည်ပြုလိုက်တာ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

မိမိအနေဖြင့် နုတ်ထွက်ရခြင်း အကြောင်းရင်းမှာ တင်းကျပ်သည့် ပါတီစည်းကမ်းများကို မလိုက်နာချင်၍ နုတ်ထွက်ရခြင်း မဟုတ်ကြောင်း၊ ပါတီရန်ပုံငွေ မထည့်ချင်၍ နုတ်ထွက်ခြင်းမဟုတ်ကြောင်း၊ ရန်ပုံငွေမထည့်ချင်၍ နုတ်ထွက်ခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အပေါ် မိမိအနေဖြင့် နားမလည်ဖြစ်ရကြောင်း၊ လွှတ်တော်တွင် ဥပဒေပြုခြင်းလုပ်ငန်းကို လက်ရှိထက် ပိုမိုဆောင်ရွက်နိုင်မည်ဟု စဉ်းစားပြီး နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးတင်ထွန်းအောင်က စက်တင်ဘာ ၂၅ရက်တွင် ပြောကြားသည်။ 

လက်ရှိအချိန်အထိ ပါတီဝင်အဖြစ်မှ နုတ်ထွက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိပြီဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။ 


  
Eleven

0 comments:

Post a Comment