Sunday, September 30, 2018

ထောင်(၇)လ ချခံရပြီး လွတ်မြောက်လာသူမာန်အောင်ဒေသခံနှစ်ဦးကို လျော်ကြေးငွေမယူပါက ထောင်ချပြီးအိမ်ကိုသိမ်းမည်ဟု ထပ်မံခြိမ်းခြောက်



ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် စမုံတဲ လယ်ယာဉ်ကွင်းတိုးချဲ့ရာတွင်ပါဝင်သည့် အိမ်ခြံမြေများအတွက် တောင်းဆိုသည့် လျော်ကြေးမရသဖြင့် အိမ်မဖယ်ပေးရာမှ ထောင်ချ (၇) လ ချမှတ်ခံရပြီးနောက် များမကြာမီက လွတ်မြောက်လာသူ အိမ်ထောင်ဦးစီး နှစ်ဦးကို လျော်ကြေးငွေကို မယူပါက ထောင်ချပြီး အိမ်ကို သိမ်းဆည်းမည်ဟု အာဏာပိုင်များက ထပ်မံ ခြိမ်းခြောက် ပြောဆိုသည်ဟု အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သူ ဦးဖြူသီးခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ 
ခြိမ်းခြောက် ပြောဆိုသူများမှာ NLD မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီး နှစ်ဦးဖြစ်သူ ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့အား စက်တင်ဘာ ၂၇ ရက်နေ့က မာန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေး ခန်းမသို့ ခေါ်ယူပြီးထိုသို့ ပြောကြားခဲ့ကြောင်းသူက ပြောကြားသည်။ 

၎င်းအစည်း အဝေးသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ လေယာဉ်ကွင်း တာဝန်ခံ ဦးဝင်းကိုကိုလှိုင်၊မြို့နယ်လယ်/စီမန်ခန့်ခွဲရေးအဖွဲ့၊ NLD ပါတီ မြို့နယ်ဥက္ကဌ ဦးဆိတ်တောင်း၊ လယ် ယာဉ် ကွင်းတိုးချဲ့ရာတွင်အိမ်ခြံမြေပါဝင်သည့် ဦးဖြူသီးခိုင် နှင့် ဦးသာနီ တို့ စုစုပေါင်း(၁၅)ဦးတက် ရောက်ခဲ့ဟု သိရသည်။ 

“ သူတို့က ဘာပြောသလဲဆိုတော့ ဒီလ တစ်ရက်နေ့ကို ဖယ်ပေးမယ်၊ ဖယ်မပေးဘူးဆိုတာကို အကြောင်းပြန်ပေးဖို့ပြောပါတယ်။ လျော်ကြေးကတော့ အရင်အစိုးရလက်ထက်က ပေးတဲ့အတိုင်းဘဲ။ တိုးမပေးနိုင်ဘူး။ မယူရင် လျော်ကြေးလည်း ရမှာ မဟုတ်သလို လူကို ဖမ်းဆီးထောင်ချမယ်။ အိမ်ကိုလည်း ၀ရမ်းကပ်ပြီး သိမ်းဆည်းမယ်လို့ ပြောပါတယ်” ဟု ဦးဖြူသီးခိုင်က ပြောကြားသည်။ 

ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့သည် လျော်ကြေးနည်းလွန်းသဖြင့် အိမ်ကို မဖယ်ပေးရာမှ ဖမ်းဆီး ခံခဲ့ကြရသူများ ဖြစ်ပြီး မာန်အောင်မြို့နယ် တရားရုံးက လယ်ယာမြေဥပဒေပုဒ်မ (၃၅) အရ လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ထောင် ၇ လချမှတ်ခံခဲ့ရပြီး ၂၀၁၈ စက်တင်ဘာ ၅ ရက်နေ့က ကျောက်ဖြူထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယင်းနောက်ပိုင်း ယခုလို ထပ်မံ ခြိမ်းခြောက်ခံနေရခြင်း ဖြစ်သည်။ 

“လယ်ယာဉ်ကွင်းတိုးချဲ့တာကို မလိုချင်လို့ ကန့်ကွက်တာမဟုတ်သလို မဖယ်ပေးတာလည်း မဟုတ်ဘူး။ သူတို့ လျော်ကြေးပေးတဲ့ ပိုက်ဆံက အရမ်းနည်းတဲ့ အတွက် ဒီငွေတွေကို ယူလိုက်တာနဲ့ ကျနော်တို့ မိသားစုဘဝဟာ အိုးမဲ့ အိမ်မဲ့ဘဝရောက်သွားတော့မှာပါ။ သူတို့ ပေးတဲ့ ပိုက်ဆံ လျော်ကြေားကို မယူဘဲတင်းခံရတာက ယူလိုက်ရင် ကျနော်တို့ ဘဝပျက်သွားမှာ ဖြစ်တဲ့ အတွက်ပါ”ဟု လေယာဉ်ကွင်းတိုးချဲ့ရာတွင်ပါသည့် တောာင်သူ ဦးဖြူသီးခိုင်မှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ 

ဦးဖြူသီးခိုင်၏ အိမ်ခြံမြေမှာ တစ်ဧက ၀န်းကျင်ရှိပြီး ရှေ့မျက်နာစာ ခြံအကျယ်မှာ ၁၈၂ တောင်ရှိကြောင်း၊ အစိုးရ၏ လျော်ကြေးမှာ မြေအတွက် ကျပ် ၇ သိန်းအပါအ၀င် တစ်ခြား အိမ်အဆောက်အဦးနှင့် သီးနှံပင်များအတွက် လျော်ကြေးငွေ သိန်း ၅၀ ပေးထားကြောင်း၊ ၎င်းငွေပမာဏဖြင့် အိမ်ဆောက်ရန်ကိုထား မြေကိုပင် ၀ယ်၍ မရနိုင်ကြောင်း၊ သို့အတွက် လျော်ကြေးငွေကို ခေတ်ကာလနှင့် အညီ ပေးဆောင်ရန် တောင်းဆိုရကြောင်း ဦးဖြူသီးက ပြောဆိုသည်။ 

အလားတူ ဦးသာနီ၏ ခြံမြေအကျယ် ဧကမှာ ၀ဒသမ ၉၅ ဧကရှိပြီး အစိုးရမှ လျော်ကြေးငွေမှာ နည်းလွန်းသဖြင့် လက်မခံနိုင်ခြင်း ဖြစ်ကြောင်း ဦးသာနီ ၏သားဖြစ်သူ ကိုသိန်းစိုးဝင်းမှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ 

"အရင်ပေးတဲ့ငွေကို မယူတာက ကျနော်တို့အိုးအိမ် ပြန်ထူထောင်ဖို့ အဆင်မပြေလို့ မယူတာပါ။ အခုကတော့ဗျာ။ ပြည်သူတင်ပေးတဲ့ အစိုးရ၊ ပြည်သူတင်မြောက်ထားတဲ့ကိုယ်စားလှယ်တွေက ကျနော်တို့ ခေါ်တယ်။ ခြိမ်းခြောက်တယ်။ ကျနော်တို့တွေကို အစိုးရပေးတဲ့ လျော်ကြေးငွေ မလုံလောက်ရင် အခြားက ချေးငှားပြီး ပြန်ဆောက်ပေါ့လို့ တောင်ပြောသေးတယ်။ ကျနော်တို့ မိဘတွေက သူတို့ပေးတာ မလုံလောက်လို့ မယူတာကြောင့် အပြစ်ဒဏ်လည်း ကျခံပြီးပြီပဲ။ အခုလည်း လာပြီး ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်" ဟု ပြောကြားသည်။ 

၎င်းပြင် NLD မာန်အောင် မြို့နယ် ဥက္ကဋ္ဌ ဦးဆိတ်တောင်းလည်း စက်တင်ဘာ ၂၈ ရက်နေ့က ဦးဖြူသီးခိုင်တို့ အိမ်ကို ရောက်ရှိလာပြီး “မင်းတို့ခုပေးတဲ့ ပိုက်ဆံကိုယူရင်ယူ၊ မယူရင် မင်းတို့ကို ထောင် ၂ နှစ်ချမယ်။ အိမ်ကိုသိမ်းမယ်” ဟုလာရောက်ပြောဆိုသွားကြောင်း ဦးဖြူသီးခိုင်မှ ထပ်မံပြောကြားသည်။ 

ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့အား အောက်တိုဘာ ၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီတွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ဆင့်ခေါ်ထားသည်ဟု သိရသည်။ 

အဆိုပါ လေယာဉ်ကွင်း တိုးချဲ့မြေ လျော်ကြေးငွေ ကိစ္စမှာ ရခိုင်ပြည်နယ်လွှတ်တော်ထိ ရောက်ရှိ သွားခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် NLD မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်မှ လျော်ကြေးငွေ ကာလ ပေါက်ဈေးအတိုင်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ လျော်ကြေးကို ကာလပေါက်ဈေးအတိုင်း ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် အစီအစဉ် မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ဖြေကြားသွားခဲ့သည်။ 

မြေယာကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးတောင်းနေသူ နှစ်ဦး၏ မြေများသည် လယ်မြေ မဟုတ်ဘဲ ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေ ဖြစ်ပြီး လက်ရှိတွင် မြေးဈေး အလွန်မြင့်တက်နေသည့် အတွက် ပြည်နယ်အစိုးရအနေဖြင့် လယ်ယာမြေဈေးထက် ပိုပေးသင့်သည်ဟု မာန်အောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အဆိုပါနေ့က ထောက်ပြ ပြောဆိုသွားခဲ့သည်။ 

အဆိုပါ လျော်ကြေး ကိစ္စနှင့် ပတ်သက်ပြီး မာန်အောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် NLD မြို့နယ် ဥက္ကဋ္ဌတို့ ဖုန်းအား ယနေ့နံနက်က ဆက်သွယ်ရာ ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။ 

(ဓာတ်ပုံ- မာန်အောင် လေယာဉ်ကွင်းသို့ ဆင်းသက်နေသည့် လေယာဉ်တစ်စီးနှင့် လျော်ကြေးနည်း၍ မဖြိုဖျက်ဘဲ ကျန်နေသည့် အိမ်) 
Narinjara




0 comments:

Post a Comment