Sunday, September 30, 2018

ရန်ကုန်ဥပဒေချုပ်ကဲ့သို့ အမှုမျိုး ရှိလာနိုင်သေးကြောင်း ကော်မရှင်ဥက္ကဋ္ဌပြော

ခိုင်လုံသော သတင်းအချက်အလက်များနှင့် မှန်ကန်သောတိုင်ကြားချက်များ ဖြင့် တိုင်ကြားပါက ရန်ကုန်တိုင်း ဥပဒေချုပ်ကဲ့သို့ အမှုမျိုးရှိလာ နိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦး အောင်ကြည်က 7 Day Daily သတင်းစာအား ပြောသည်။ 
လက်ရှိအရေးယူထားသည့် ရန်ကုန်တိုင်းဥပဒေချုပ်ကဲ့သို့အဂတိလိုက်စားမှုဖြင့် ဆက်လက် ဆောင်ရွက်နေမှုများနှင့် ပတ် သက်၍ ‘‘ဒါတွေကကျော်စော သတင်းဖြစ်ပေါ်လာတယ်။ တိုင် ကြားချက်ရှိလာတယ်။ တိုင်ကြား ချက်ကလည်း မှန်ကန်တယ်။ ခိုင် လုံတယ်ဆိုရင် ဒါက ဆက်တိုက် ဖြစ်ပေါ်နေမယ့် ဖြစ်စဉ်ပါပဲ။ အမြဲတမ်းရှိနေမှာပဲ။ တိုင်ကြား ချက်တွေရှိလာရင်တော့ရှိမှာပေါ့။ အဲဒီလိုနည်းနဲ့ပဲ တဖြည်းဖြည်းနဲ့ ဒီအဂတိလိုက်စားမှု လျော့ပါး သွားအောင် လုပ်ရတာပဲလေ’’ ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ကပြောသည်။ 

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ Park Royal ဟို တယ်တွင် လူ့အခွင့်အရေးကော် မရှင်က ပြုလုပ်သည့် အခမ်းအနားသို့တက်ရောက်လာစဉ် ကော် မရှင်ဥက္ကဋ္ဌက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ 

ကော်မရှင်ထံသို့ တိုင်ကြား လာသည့် တိုင်ကြားချက်များကို အဖွဲ့ ငါးဖွဲ့ဖြင့်တိုင်ကြားသည့်နေ ရာအထိ သွားရောက်စစ်ဆေးကြောင်း ဦးအောင်ကြည်ကဆိုသည်။ နေ့စဉ် ထောင်နှင့်ချီသော တိုင်ကြားစာများကို ကိုင်တွယ်ဆောင်ရွက်နေရသဖြင့် လက်ရှိဆောင်ရွက်နေသည့် အဖွဲ့ငါးဖွဲ့ဖြင့် ဆောင်ရွက်မှုသည် အခက်အခဲရှိကြောင်း ၎င်းကပြော သည်။ 

‘‘အန်ကယ်တို့ရဲ့လုပ်နိုင်စွမ်း အားကလည်း တစ်ကြိမ်တည်းမှာ ငါးဖွဲ့လောက်ပဲစစ်ဆေးနိုင်တဲ့အ နေအထားရှိတာပေါ့။ ဒီထက်ပိုပြီး တော့များရင်လည်းနည်းနည်း စောင့်ရတာပေါ့။ တန်းစီထားတဲ့ အမှုတွေအများကြီး ရှိပါသေး တယ်။ ချက်ချင်းမလုပ်နိုင်သေး တာတွေပေါ့။ ကိုယ်အစွမ်းရှိသ လောက်တော့ တတ်နိုင်သမျှလုပ် နေပါတယ်’’ ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။ 

လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်အနေဖြင့် အွန်လိုင်း ၀က်ဘ်ဆိုက်မှ တိုင်ကြားနိုင်ရေး ကိုတိုင်ပင်စဉ်း စားနေကြောင်း ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။ 

လက်ရှိတွင် အွန်လိုင်းမှ တိုင်ကြားမှုအချို့ကို လက်ခံစိစစ် ကာ အွန်လိုင်းကပင် ပြန်လည်အ ကြောင်းပြန်ကြားပေးနေသည်ဟု ၎င်းက ပြောသည်။ 

‘‘လက်ရှိလုပ်ကိုင်မယ့်သူ တွေလည်းလုပ်လို့ကိုင်လို့ရနိုင် မယ့်အနေအထား၊ ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်းပေါ် မူတည်ပြီး တော့ပေါ့။ လုပ်လို့ကိုင်လို့ရနိုင် မယ့်အချိန်ပေါ့။ ဒီနှစ်ထဲတော့မ ဖြစ်နိုင်ဘူး။ လာမယ့်နှစ်အတွင်း မှာဆောင်ရွက်သွားဖို့ရှိကောင်း ရှိနိုင်ပါတယ်’’ ဟု ဦးအောင်ကြည် ဆက်လက်ပြောကြားသည်။ 

နစ်နာသူများအနေဖြင့် ကော်မရှင်သို့ တိုင်ကြားရာတွင် တိုင်ကြားသည့်အမှုသည် ၂၀၁၃ စက်တင်ဘာ ၁၇ ရက်နောက်ပိုင်း ကာလ၌ ဖြစ်ပွားခဲ့သော အဂ တိလိုက်စားမှုဖြစ်ရန်၊ လိုအပ် သောစုံစမ်းစစ်ဆေးမှုများပြုလုပ် ရာတွင်အထောင်အကူဖြစ်စေ ရေးအရေးကြီးသည့် သက်သေ ခံချက်ပါရှိရန်နှင့် တိုင်ကြားစာ ကိုကော်မရှင်သို့ မိတ္တူပေးပို့ပါက ကော်မရှင်မှ အရေးယူနိုင်မည် မဟုတ်သဖြင့်ကော်မရှင်သို့ တိုက် ရိုက်တိုင်ကြားရန် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။ 

ယင်းသို့တိုင်ကြားမှုသည် စုံ စမ်းစစ်ဆေးရမည့် ကိစ္စဖြစ်ပါက အမှန်တကယ်နစ်နာသူဟုတ်၊ မ ဟုတ်သိရှိနိုင်ရန်၊ လိုအပ်ပါက ဆက်သွယ်ခေါ်ယူမေးမြန်းစုံစမ်း နိုင်ရန် အမှန်တကယ်နစ်နာသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူနှင့် ဆက်သွယ်ရန် လိပ်စာအပြည့် အစုံဖြင့် တိုင်ကြားရန်ကော်မရှင် အသိပေး နှိုးဆော်ထားသည်။

7Day



0 comments:

Post a Comment