ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၃ ရပ်ကွက်၊ စက်မှုပတ်လမ်းရှိ ကျူးကျော်ဟု ဆိုသောအိမ်များနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို စက်တင်ဘာ ၂၉ ရက်နံနံက်အစောပိုင်းတွင် အစိုးရကအင်အားသုံးဖယ်ရှားခဲ့သည်။ 
အဆိုပါနေရာသည် ယခင်က ကြက်ဆူစိုက်ခင်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အလတ်စား လုပ်ငန်းရှင်တစ်ချို့က စိုက်ခင်းပိုင်ရှင်များထံမှမြေပြန်လည်ဝယ်ယူကာ လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကဆိုသည်။ 
သို့သော်လည်း မြေနေရာများကို ရောင်းချခြင်း၊ ငှားရမ်းထားခြင်းမျိုးမရှိဟုဆိုကာ တိုင်းအစိုးရ၏ စီမံပိုင်ခွင့်နေရာဖြစ်သည့်အတွက် ၁ လကြိုတင် သတိပေးထားခဲ့ပြီးနောက် အင်အားသုံးဖယ်ရှားခဲ့ခြင်းဖြစ်သည်။ 
“ ဒီနေ့မနက်ကတော့ ၄ နာရီလောက်ကတည်းကစပြီးဖျက်စီးနေတယ်။ အဆောက်အဦတွေကိုပေါ့။ အကုန်လုံး။ ကျွန်တော်တို့ကိုလည်း ၀င်ခွင့်မပေးဘူး။ ကျွန်တော်တို့က ၀င်ပြီးတော့ အသနားခံတာပါ။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ အေးအေးဆေးဆေး ဖြေရှင်းတဲ့နည်းကိုလိုချင်တာပါ။ ဒါပေမယ့် မရဘူး။ အကူအညီတောင်းတာလည်း မရကြဘူးဖြစ်နေတယ်"ဟု လေလံပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုမျိုးမင်းထွန်း ကပြောသည်။ 
မြေဧက ၆၀ ခန့်ရှိနေသည့် အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူများ ရှိနေသကဲ့သို့ ဖျက်ဆီးခံခဲ့ရသည့် အဆောက်အဦး ၂၀၀ ခန့်အထဲတွင်လည်း အလတ်စားလုပ်ငန်း ၇၀ ခန့်ပါဝင်နေသည်ဟု ၄င်းကဆက်ပြောသည်။ 
ယခုဖယ်ရှားခဲ့သည့်ကျူးကျော်နေထိုင်သူများကို တစ်အိမ်လျှင်ငွေကျပ် ၁၀ သိန်းလျော်ကြေးပေးခဲ့ပြီး လုပ်ငန်းရှင်များကိုမှု ပြောင်းရွေ့ခ ငွေကျပ် ၃သိန်းပေးရန် တာဝန်ရှိသူများက ကမ်းလှမ်းခဲ့သေးကြောင်းလည်း သိရသည်။ 
လုပ်ငန်းရှင်များက အဆိုပါငွေကို လက်မခံခဲ့ဘဲ စက်တင်ဘာ ၂၉ ရက်တွင် မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တောင်ဒဂုံမြို့ မရဲစခန်းမှတာဝန်ကျရဲအရာရှိများအပြင် တူညီဝတ်စုံဝတ်ထားသောသူတချို့ပါဝင်သောအဖွဲ့က လမ်းများကိုပိတ်ဆို့ကာ အဆောက်အဦများကို အင်အားသုံး ၀င်ရောက်ဖယ်ရှား ခဲ့ခြင်းဖြစ်သည်။ 
“ ၀င်ခွင့်မပေးဘူးဆိုတော့ ကျွန်တော်တို့ပစ္စည်းပျောက်ရင်တော့ အမှုဆွဲမှာပေါ့။ ဒါကျွန်တော်တို့ ပိုက်ဆံပေးဝယ်ထားတဲ့ပစ္စည်းတွေပဲလေ။ နိုင်ငံတော်က လေလံဆွဲထားတာတွေအများကြီးပဲ ကျွန်တော်တို့ဆီမှာအထောက်အထားတွေ။ ကျွန်တော်တို့ပစ္စည်းပဲ ၁၀၀ ကျော်ဖို့လောက်ရှိတယ်။ တချို့လဲ ၂၀၀၊ ၃၀၀၊ ၅၀၀ အဲ့လိုပေါ့" ဟု သံထည်နှင့် လေလံပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစန်းဦးကပြောသည်။ 
ဖယ်ရှားခံခဲ့ရသည့် စက်မှုပတ်လမ်းရှိလုပ်ငန်းရှင်များမှာ ပေ ၄၀×၆၀ မြေကွက်တစ်ကွက်ကို ၆၅ သိန်းမှ သိန်း ၁၀၀ ထိဈေးပေးပြီး ကြက်ဆူစိုက်ခင်း ပိုင်ရှင်များထံမှာဝယ်ယူထားခြင်းဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။ 
သို့သော်လည်း လက်ရှိတွင်စုံစမ်းချက်အရ အဆိုပါမြေများမှာ တိုင်းအစိုးရမှ တရားဝင်ရောင်းချထားခြင်း၊ မြေဂရန်ထုတ်ပေးထားခြင်းမရှိသည့် မြေများဖြစ်နေသည်ဟု တောင်ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။ 
ထို့ကြောင့် တိုင်းအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မြန်မာပက်ထရိုကုမ္ပဏီကို ရောင်းချထားသည့်မြေဖြစ်ကြောင်း သိရသည်။ 
“ ကျွန်တော်တော့အခုပြောခဲ့တယ်ခင်ဗျ။ ပြည်သူတွေရဲ့ အမှန်တကယ်နစ်နာဆုံးရှုံးမှုတွေကို လွှတ်တော်ဥက္ကဋ္ဌကြီးကတဆင့် အစိုးရဆီကို အမြန်ဆုံး တင်ပြပေးသွားမည်ဖြစ်ကြောင်းဆိုတဲ့ဟာကို ကျွန်တော်ပြောခဲ့ပါတယ်။ တကယ်လည်းပဲ အမြန်ဆုံးတင်မှာပါ။ အခုလာမယ့် တနလာင်္နေ့မှာ ဥက္ကဋ္ဌကြီး ဆီကိုတင်ပြသွားမှာပါ” ဟု ဦးညီညီကဆိုသည်။ 
အဆောက်အဦများဖယ်ရှားခြင်းကြောင့် အလတ်စားလုပ်ငန်းများတွင်မှိခိုလုပ်ကိုင်နေသူ အလုပ်သမား ၁ထောင်ကျော်မှာ အလုပ်လက်မဲ့ဖြစ်ရ ဖွယ်ရှိနေသည်ဟု လုပ်ငန်းရှင်များကဆိုသည်။  
လက်ရှိအစိုးရလက်ထက်တွင် လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာအနီးရှိ မြေဧက ၁၄၀၀ ကျော်တွင်နေထိုင်သူများကို စီးပွားဖြစ်ကျူးကျော်အဖြစ်သတ်မှတ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ၊ မနက်ပိုင်းတွင် ရဲအင်အား ၂၀၀ဝန်းကျင်နှင့် စုဆောင်းခေါ်ယူထားသည့် အရပ်သားများဖြင့် ရှင်းလင်းဖယ်ရှားခဲ့ဖူးသေးသည်။ 
mizzima
 







 
 
 
 
 
0 comments:
Post a Comment