Sunday, September 30, 2018

အိပ်ခ်ျအိုင်ဗွီဆေး သောက်သုံးသူဦးရေ ၁ နှစ်အတွင်း ၃ သောင်းခန့် တိုးလာ


မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီရောဂါတန့်ဆေး (အေအာတီ) သောက်သုံးသူဦးရေဟာ တနှစ်အတွင်း ၃ သောင်းဝန်းကျင် တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 
ကုလသမဂ္ဂ UNAIDS အဖွဲ့က ၂၀၀၆ ခုနှစ် စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း ခန့်မှန်းချေ ၂၃၀,၀၀၀ လောက်ရှိပြီး ထက်ဝက်ကျော် ဖြစ်တဲ့ လူပေါင်း ၁၂၇, ၄၀၄ ယောက်ဟာ အေအာတီ ရရှိနေတယ်လို့ မနှစ်က ထုတ်ပြန်ထား ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ၂၀၁၈ ခုနှစ်၊ ဇွန်လကုန်အထိ စာရင်းဇယားတွေ အရ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံလူနာ စုစုပေါင်း ၁၅၆,၀၀၀ ကျော်ကို အေအာတီဆေးဝါးနဲ့ ကုသ ပေးနေတယ်လို့ ဆိုပါတယ်။ 

ဒီထဲက လူနာ ၁၁၀,၀၀၀ ကျော်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကုသမှုခံယူနေတာလို့လည်း ဆိုပါတယ်။ 

ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်အနေနဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးတို့မှာ အေအာတီဆေးကုဌာနတွေနဲ့ အေအာတီဆေးဆင့်ပွားကုဌာန စုစုပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ကနေ အေအာတီဆေးဝါးနဲ့ ကုသပေးတာကို ပြည်တွင်း ပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၀၅ ခုနှစ်က စတင် လုပ်ဆောင်နေတာပါ။ 

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူဦးရေဟာ တနှစ်ကို ၁ သောင်းလောက် တိုးလာပြီး အေအိုင်ဒီအက်စ်ရောဂါနဲ့ ဆက်နွှယ်သေဆုံးသူပေါင်း ၈၀၀၀ လောက် ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကူးစက်ခံရသူအရေအတွက်ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော် ထက်စာရင် လေးပုံတပုံလျော့လာတာဖြစ်ပြီး သေဆုံးသူကတော့ ထက်ဝက်လောက် လျော့နည်းလာတာပါ။ 

ရန်ကုန်မြို့မှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရနှုန်းကတော့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ အကြား ၂၆ ရာခိုင်နှုန်းကျော်၊ အမျိုးသမီးလိင်လုပ်သားတွေအကြား ၂၄ ရာခိုင်နှုန်းကျော်နဲ့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူတွေကြား ၂၉ ရာခိုင်နှုန်း ရောဂါဖြစ်ပွားတယ်လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

မန္တလေးမြို့မှာတော့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေအကြေား ရောဂါဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်းကျော်၊ အမျိုးသမီးလိင်လုပ်သားတွေအကြေား ၁၃ ရာခိုင်နှုန်းကျော်နဲ့ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူတွေအကြား ၁၆ ရာခိုင်နှုန်း ရောဂါဖြစ်ပွားနေတာပါ။

DVB

0 comments:

Post a Comment