Sunday, September 30, 2018

သနပ်ခါးလိမ်းသည့် အလေ့အထများ မကွယ်ပျောက်စေရန် သနပ်ခါးပွဲတော် ကျင်းပ


မြန်မာတို့၏သင်္ကေတ၊ မြန်မာတို့၏ သနပ်ခါးလိမ်းသည့် အလေ့အထယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရန်ရည်ရွယ်ချက်ဖြင့် ပန်းဆိုးတန်းအနု ပညာပြခန်းမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက သနပ်ခါးပွဲတော် ကျင်းပခဲ့သည်။ 
အဆိုပါ သနပ်ခါးပွဲတော်တွင် သနပ်ခါးလိမ်းပြိုင်ပွဲပါဝင်ခဲ့ပြီး မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်မှ သနပ်ခါးချစ်သူ ကလေးငယ် ၂၄ဦးနှင့် လူကြီး ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်င်ခဲ့သည်။ 

သနပ်ခါးပွဲတော်ဖြစ်မြောက်ရေးအတွက် ပန်းဆိုးတန်းအနုပညာပြခန်းကို ဦးဆောင်သူ ဦးအောင်စိုးမင်းက စီစဉ်ကျင်းပခြင်း ဖြစ်သည်။ 

နိုင်ငံတကာမှ အလှပြင်သည့် မိတ်ကပ်အပါအဝင် အလှကုန်ပစ္စည်းများ မြန်မာနိုင်ငံတွင် အရှိန် အဟုန်ဖြင့် ဝင်ရောက်လာသဖြင့် နောက်တစ်ချိန်တွင် မြန်မာတို့၏သင်္ကေတ မြန်မာတို့၏ သနပ်ခါးလိမ်းသည့်အလေ့အထ ယဉ်ကျေးမှုများပျောက်ကွယ်မသွားစေရန်ရည်ရွယ်၍ကျင်းပကြောင်း ဦးအောင်စိုးမင်းကပြောသည်​။ 

"နိုင်ငံတကာက မိတ်ကပ်အပါအဝင် အလှကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်လာနေပါတယ်။ မြန်မာတွေရဲ့ သင်္ကေတ၊ မြန်မာတွေရဲ့ယဉ်ကျေးမှုကို စနစ်တကျ ပုံဖော်မထားဘူးဆိုရင် ယဉ်ကျေးမှု ပျောက်ကွယ်သွားနိုင်ပါတယ် ။ တစ်ချို့လုပ်ငန်းတွေဆိုရင် သနပ်ခါးမလိမ်းရဘူးဆိုတာတွေလည်းရှိနေပါတယ် "ဟု ပန်းဆိုးတန်းအနုပညာပြခန်းဦးဆောင်သူ ဦးအောင်စိုးမင်းကပြောသည်​။ 

အဆိုပါသနပ်ခါးပွဲတော်တွင်သနပ်ခါးနှင့်ပတ်သက်သည့် ပန်းချီပြခန်းများ၊ ဖျော်ဖြေမှုများနှင့် သနပ်ခါးလိမ်းပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီးသနပ်ခါးလိမ်းပြိုင်ပွဲတွင်ဆု သုံးဆု ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

သနပ်ခါးလိမ်းပြိုင်ပွဲတွင် လျှောက်လွှာများကို အခမဲ့ယူဖောင်ဖြည့်ပြီး ပြိုင်ပွဲ ဝင်ရခြင်း ဖြစ်ပြီး သနပ်ခါးလိမ်းပြိုင်ပွဲတွင် ဒိုင်လူကြီးများက အကဲဖြတ်ပေးခဲ့သည်။ 

သနပ်ခါးလိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက သနပ်ခါးလိမ်းရာတွင် မြန်ဆန်ရမည် ၊ သနပ်ခါးညက်ညောရမည် ၊ သနပ်ခါးသွေးရာတွင်လည်း ညက်ညောရမည် ၊ ဝတ်စားဆင်ယဉ်မှုများလည်း လိုက်ဖက်ရမည် ဆိုသည့် အချက်များပါရှိကြောင်း သိရသည်။ 

"ရုပ်ရည်လှပမှုကို အဓိကမထားပါဘူး ။ သနပ်ခါးလိမ်းတာ ဘယ်လောက်ကျွမ်းကျင်မှုရှိလဲ ။ အမြဲတမ်း လိမ်းတဲ့သူလားဆိုတဲ့အချက်တွေနဲ့အမှတ်ပေးသွားမှာပါ " ဟု ဦးအောင်စိုးမင်းကပြောသည်​။ 

သနပ်ခါးလိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် မငြိမ်းပို့ပို့က " သနပ်ခါးလိမ်းရတာကိုသဘောကျတယ် မြန်မာအမျိုးသမီး ဖြစ်တဲ့အတွက် သနပ်ခါးကိုလည်းကြိုက်ပါတယ်။ အဲဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ " ဟုပြောသည်။ 

သနပ်ခါးပွဲတော်ကို ရန်ကုန်မြို့တွင် နှစ်ကြိမ် ၊ မန္တလေးမြို့တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုမကွေးမြို့တွင် ကျင်းပသည့်ပွဲသည် လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။


တင်ရွှေ(မဇ္ဈိမ) 

0 comments:

Post a Comment