Sunday, September 30, 2018

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ၂၀၂၀ အထိ သက်တမ်းတိုး


ပြည်ပဆန်တင်ပို့မှု၏ ထက်ဝက်ကျော် ဈေးကွက်ဝေစု ရယူထားသည့် တရုတ်နိုင်ငံသို့ ၂၀၂၀ စက်တင်ဘာအထိ တရား ၀င်ဆန်တင်ပို့ရန် စာချုပ်သက် တမ်းတိုးမြှင့်နိုင်ခြင်းက အခွင့်အ လမ်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောသည်။ 
အရည်အသွေးစစ်ဆေးခြင်း နှင့် အပင်ပိုးမွှားရောဂါနှင့် ပတ် သက်သော စာချုပ်ကို ၂၀၂၀ အထိ သက်တမ်းတိုးလက်မှတ်ထိုးနိုင် ခြင်းကြောင့် တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခြင်းအတွက် အခွင့် အလမ်းကောင်းတစ်ခုဖြစ်သည် ဟု ၎င်းက ဆိုသည်။ 

စာချုပ်သက်တမ်းတိုးမြှင့် နိုင်ခြင်းကြောင့် တရုတ်နိုင်ငံသို့ တရားဝင်ဆန်ရောင်းချရန် အဆင်ပြေသော်လည်း ဆန်ကွဲရောင်းချ မှုအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် ကျန်ရှိနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ၏ စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၁၈ တွင် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားဝင်ဆန်တင်ပို့နိုင်ခြင်းမရှိသေး သော်လည်း တရုတ်မှ ၀ယ်ယူမည့် ဆန်ခွဲတမ်းရရှိရန် အသင်းချုပ်က ဆောင်ရွက်မည်ဟု ဆိုသည်။ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်း ခန့် တရားဝင်တင်ပို့ရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က အဆိုပြုထားသည်။ 

တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရန် ၂၀၁၄ ကစတင်၍ တရုတ်ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးဝန်ကြီးနှင့် ဆန်စပါးအရည်အသွေးစစ်ဆေးရေးဆိုင်ရာစာချုပ်၊ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သီးနှံဈေးကွက်ရရှိရေး၊ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးစာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့သည်။ 

၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၇၁ သန်းကျော်ရရှိပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၂၁၂ သန်းကျော်ရရှိထားသည်။ 

လက်ရှိနယ်စပ်ကုန်သွယ် ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်တင် ပို့ရာတွင် ယူနန်ပြည်နယ်၌ ဖမ်းဆီးမှုများရှိနေခြင်းကြောင့် တစ် ရက်ဆန်တန်ချိန် ၁,၀၀၀ ခန့်သာ ရောင်းချနေရသည်ဟု ဆန်ကုန် သည်တစ်ဦးကပြောသည်။ 

မူဆယ်တွင် ဆန်တစ်အိတ် ဈေးနှုန်းက ယခုတစ်ပတ်အတွင်း သုံးယွမ် (၆၇၅ ကျပ်) ဈေးမြင့် တက်လာကြောင်း ၎င်းက ပြော သည်။ ပြည်တွင်းမှ ဆန်အ၀င် နည်းလာခြင်းကြောင့် တရုတ်ကုန် သည်များက ဈေးတိုးပေး ၀ယ်ယူ သဖြင့် နွေ (ရှယ်)အမျိုးအစားဆန် တစ်အိတ်လျှင် ၁၄၅ ယွမ် (ကျပ် ၃၂,၆၀၀ ကျော်)ဖြင့် ဈေးဖွင့်သည်။ မူဆယ်မြို့တွင် တရုတ်ငွေ တန်ဖိုးက တစ်ယွမ်လျှင် ၂၂၅ ကျပ်ခန့်ရှိသည်။

7Day

0 comments:

Post a Comment