Sunday, September 30, 2018

မြစ်ရေတိုက်စားမှုကြောင့် နေအိမ်များမျောပါမည်ကို ရှားတောရွာသားများ စိုးရိမ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု ရှားတောကျေးရွာမှာ ချင်းတွင်းမြစ်ရေတိုက်စားနေမှုကြောင့် နေအိမ်တွေ ပျက်စီးမျောပါသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ 
အရင်က မြစ်ကမ်းပါးနဲ့ နေအိမ်တွေ ဝေးကွာပေမယ့် အခုအခါမှာ ရေတိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုကျလာတာ နေအိမ် ခြေတိုင်တွေအထိ ရောက်ရှိလာနေလို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ 

ကိုယ်ထူကိုယ်ထ ရေကာတာတွေ ပြုလုပ်ခဲ့ပေမယ့် ရေတိုက်စားမှုဒဏ်ကို ထိရောက်စွာ မကာကွယ်နိုင်ပဲဖြစ်နေပြီး ပေ ၄၀၀ လောက်အတွင်းရှိ နေအိမ်တွေ ကမ်းပါးပြိုကျမှု အန္တရာယ် ကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်များပြိုကျပျက်စီးသွားခဲ့ရင်လည်း 

“ကျမတို့က ဒီအိမ်လေးပဲရှိပါတယ်။ ပြေးစရာလည်းမရှိ၊ နေစရာလည်းမရှိပါဘူး။ တတ်နိုင်သလောက်တော့ လုပ်ထားပါတယ်။ မြေးအဘွားနဲ့ သမီးလေးနဲ့နေရပါတယ်။ ဘာမှလည်း မလုပ်နိုင်ပါဘူး။ ကျမတို့မှာ ဒီအိမ်လေးကို ရေလာမိုးလာမှာကို စိုးရိမ်လို့မို့ တထိတ်ထိတ်နေရတယ်” လို့ ရှားတောကျေးရွာမှ ဒေါ်ညွန့်ခင်က ပြောပါတယ်။ 

ဒေသခံ ဒေါ်အမာတင်က “ဒီဆုတောင်းပြည့် ရွာနာမ်ဘုရားဟာ နဂိုတုန်းက ဒီမြစ်နဲ့ အတောင် ၁၀၀ ပတ်လည်လောက်ဝေးပါတယ်။ ရေတိုက်စားမှုကြောင့် ရွာခြေရင်း ဘုရားခြေရင်း ရောက်နေပါပြီ။ ဒီဘုရားရဲ့အောက်ဘက် ပေ ၄၀၀ လောက်မှာရှိတဲ့ ၆ အိမ် ၇ အိမ်လောက်ဟာ အိမ်တိုင်တွေ မြစ်ထဲရောက်နေပါပြီ။ အထက်လူကြီးတွေ လာကြည့်စေချင်ပါတယ်” လို့ ပြောပါတယ်။ 

နေအိမ်တွေ မြစ်ရေနဲ့ ပါမသွားအောင် ကိုယ်ထူကိုယ်ထ ကာကွယ်နေကြတယ်လို့ ဦးမောင်နီက ပြောပါတယ်။ 

“ကိုယ်ထူကိုယ်ထနည်းစနစ်နဲ့ တုတ်တွေရိုက်တယ်၊ တာတွေ တည်ထားတယ်။ ဒါပေမယ့် ဒီရေတိုက်စားမှုဒဏ်ဟာ ကျနော်တို့ ကိုယ်ထူကိုယ်ထလုပ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ ကမ်းပါးတွေ ပြိုကျသွားလို့ရှိရင် ပြောင်းရွှေ့ပြီးတော့ နေထိုင်စရာ ဝင်း အခက်အခဲတွေ အများကြီးတွေ့သွားမှာမို့ မြို့နယ်အဆင့်ကဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရကဖြစ်ဖြစ် ကူညီစေချင်တယ်။” 

ရှားတောကျေးရွာဟာ မင်းကင်းမြို့နဲ့ ၁၆ မိုင်လောက် ကွာဝေးပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ လူဦးရေ ၁၃၀၀ လောက် နေထိုင်တဲ့ ကျေးရွာလေးဖြစ်ပါတယ်။

DVB

0 comments:

Post a Comment