Sunday, September 30, 2018

ဝိုင်ဘီအက်စ်ယာဉ်ရပ်နားစခန်းများ ဆောက်လုပ်ရန် ရက်ပိုင်းအတွင်း တင်ဒါခေါ်မည်


ဝိုင်ဘီအက်စ်ယာဉ် ၏ ဂိတ်ရင်းများ၌ ယာဉ်ရပ်နားစခန်းဆောက်လုပ်ရန် ရက်ပိုင်းအတွင်း တင်ဒါခေါ်ယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ 
ရန်ကုန်တိုင်းအတွင်း ပြေး ဆွဲနေသည့် ၀ိုင်ဘီအက်စ်ယာဉ် ဂိတ်ရင်းနေရာများ၌ ရပ်နားရန် နေရာအခက်အခဲရှိနေပြီး အဆိုပါယာဉ်ကြီးများလမ်းမပေါ်တွင် ရပ်နားနေရခြင်းကြောင့် ယာဉ်ကြောကျပ်တည်းခြင်းရှိနေသဖြင့် ယာဉ်ရပ်နားစခန်းများတည်ဆောက်ရန် ပြင်ဆင်နေသည်ဟု ဒေါ်နီလာ ကျော်က ဆိုသည်။ 

‘‘လှိုင်သာယာမြို့နယ်၊ ရွှေ ပြည်သာမြို့နယ်အစရှိတဲ့ မော် တော်ယာဉ်လိုင်းများ ဂိတ်ရင်းများတည်ရှိရာအပိုင်းမှာ YRTA က တာဝန်ယူပြီး ယာဉ်ရပ်နားကွင်း များကို ဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိပါတယ်။ တချို့သောကုမ္ပဏီများက ယာဉ်ရပ်နားဝင်း များ ဆောင်ရွက်နိုင်ပေမယ့် ကုမ္ပဏီငယ်များမှာ ဆောင်ရွက် နိုင်ခြင်းမရှိသည့်အတွက် YRTA မှ တာဝန်ယူပြီး ဆောင်ရွက်ပေးရန်ယခုရက်ပိုင်းအတွင်း တင်ဒါများ ခေါ်ယူရန် အစီအစဉ်ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။ 

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးညီညီ၏ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ပြေးဆွဲနေသည့် ၀ိုင်ဘီအက်စ်ယာဉ် များရပ်နားနိုင်မည့် ယာဉ်ရပ်နား စခန်းများထားရှိပေးရန် အစီအစဉ်ရှိ၊ မရှိ စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး တွင် မေးမြန်းချက်ကို ဖြေကြားရာ ၌ ဒေါ်နီလာကျော်က ထည့်သွင်းပြောဆိုခဲ့သည်။ 

‘‘ယာဉ်ရပ်ဝင်းကြီးများ တည်ဆောက်ရေးလုပ်ငန်းမှာ မြေနေရာများစွာလိုအပ်တဲ့အတွက် သက် ဆိုင်ရာမြို့နယ်အသီးသီးရှိ လွှတ် တော်ကိုယ်စားလှယ်ကြီးများမှ လည်း မိမိတို့ ယာဉ်ရပ်နားစခန်း များအတွက် မြေနေရာများလေ့ လာတွေ့ရှိပါက ကူညီအကြံပြု ပေးစေလိုပါတယ်’’ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိ၌ ယာဉ်လိုင်း ၁၀၀ ခန့်ဖြင့် နေ့စဉ်စီးရေ ၄,၀၀၀ ကျော်ပြေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ဆိုသည်။


7Day

0 comments:

Post a Comment