Sunday, September 30, 2018

ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတော့ပါဟု မလေးရှားဝန်ကြီးချုပ် ပြောဆို


ဘင်္ဂါလီ အကြပ်အတည်းပြဿနာ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား မလေးရှားဘက်က အားပေးထောက်ခံတော့မည်မဟုတ်ကြောင်း ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်မှာ ပြောင်းလဲသွားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ပုံစံဖြစ်နေခဲ့ပြီး ၎င်းအနေဖြင့်ကတော့ သူမအပေါ်တွင် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီဟု မဟာသီယာက ဆိုပါတယ်။ 

" ဘင်္ဂါလီတွေအပေါ် မြန်မာစစ်တပ်က ကိုင်တွယ်လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သူမအနေနဲ့ ဘာတစ်ခုမှာ ထုတ်ပြောချင်ခဲ့တာမျိုး မရှိဘူး၊ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း သူမကို တကယ် မထောက်ခံတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်" ဆိုပြီး မလေးရှားဝန်ကြီးချုပ်က တူရကီ နိုင်ငံတကာသတင်းချန်နယ် TRT World နဲ့ စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံတဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

မလေးရှားဝန်ကြီးချုပ်ကတော့ ယင်းအင်တာဗျူးကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးပြင်ပမှာ ပြုလုပ်ရင်း ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။ 

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်အခါတုန်းက မလေးရှားအနေဖြင့် သူမ လွတ်မြောက်ရေးအတွက် စည်းရုံးလုပ်ဆောင်ပေးခဲ့ကြောင်း၊ ၎င်းဘက်က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သော်လည်း မည်သည့် ပြန်စာမှ မရခဲ့သည့်အတွက် ၎င်းအနေဖြင့် လွန်စွာ စိတ်ပျက်ခဲ့ရကြောင်းလည်း မဟာသီယာက ပြောသွားပါတယ်။ 

"ဘင်္ဂါလီတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကမ္ဘာကို တိုင်ကြားခဲ့ပါတယ်၊ တကယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီ ဘင်္ဂါလီတွေကို ကျွန်တော်တို့ နိုင်ငံမှာ အများကြီး လက်ခံပေးထားခဲ့ရပါတယ်" ဆိုပြီး ၎င်းက ပြောသွားပါတယ်။ 

ယင်းအပြင် ဘင်္ဂါလီများ အသတ်ခံရမှု၊ ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရမှုနှင့် ဒုက္ခသည် သန်းကျော် ထွက်ပြေးသွားခဲ့ရမှု တို့နှင့်ပတ်သက်၍ ငြင်းဆန်ထားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်တွေကို ၎င်းက ဝေဖန်သွားခဲ့ပါတယ်။

mizzima

0 comments:

Post a Comment