Sunday, September 30, 2018

ပြည်ဝင်ဗီဇာဖြေလျှော့မှုကို စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ အောက်တိုဘာလ ၁ ရက်မှ စတင် ကျင့်သုံးမည်




မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာရေးနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမာန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ ပြည်ဝင်ဗီဇာဆိုင်ရာ ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 
မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ဟောင်ကောင်နှင့် မကာအိုတို့မှ ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များအဖြစ် သတ်မှတ်ထားသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနှင့် ကော့သောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်ပေါက်များ၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနှင့် ရိခေါဒါရ် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်/ထွက်ပေါက်များမှ ဝင်/ထွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 
ဗီဇာဖြေလျှော့ခွင့်ပြုရာတွင် ကမ္ဘာလှည့်ဗီဇာတစ်မျိုးဖြင့် အလည်အပတ်အတွက်သာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃၀ နေခွင့်ပြု၍ သက်တမ်းပြည့်ပါက ထပ်မံတိုးမြှင့်ခွင့် ပေးမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လိုသည့် သာမာန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များကိုလည်း လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များသို့ ရောက်ရှိချိန်တွင် ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဆိုက်ရောက်ဗီဇာခ အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံ၍ ရက်ပေါင်း ၃၀ နေထိုင် ခွင့်ပြုသွားမည်ဖြစ်သည်။ ကမ္ဘာလှည့်ဗီဇာ တစ်မျိုးတည်းဖြင့် အလည်အပတ် ဝင်ရောက် ခွင့်ပြုမည်ဖြစ်၍ နေထိုင်ခွင့်သက်တမ်းကို လည်း ထပ်မံတိုးမြှင့်ပေးမည် မဟုတ်ကြောင်း သိရသည်။ 

ပြည်ဝင်ဗီဇာဖြေလျှော့မှုကို စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ အောက်တိုဘာလ ၁ ရက်မှ စတင် ကျင့်သုံးမည် 

သတ်မှတ်ထားသည့် စမ်းသပ်ကာလ တစ်နှစ်အတွင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသော ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့် ခရီးသည်များသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment