Saturday, September 29, 2018

နိုင်ငံတော်အတိုင်ပင်ခံကို တိုင်ကြားစာပေးအပ်ခဲ့သော်လည်း ပုဒ်မ ၁၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ


မွန်ဝန်ကြီးချုပ်၏ တွေ့ဆုံပွဲကို ဝေဖန်ခဲ့၍ ပုဒ်မ ၁၀ ဖြင့် စွဲဆိုခံထားရမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံ၏ လက်သို့ ကိုယ်တိုင် တိုင်ကြားစာပေးခဲ့သော်လည်း စက်တင်ဘာ လ ၂၇ ရက်တွင် သထုံမြို့နယ် တရားရုံးမှ ပုဒ်မ ၁၀ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်သည်။ 
ဦးအောင်ကိုကိုလွင် တရားစွဲဆိုခံ အမှုဆိုင်နေရသည့်အပေါ် ဇနီး ဒ်ါမိုးသီတာအောင်က နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင်လ ၂၆ ရက် ဘားအံရေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးခရီးစဉ်တွင် လုံခြုံရေးများတားဆီးသည့်ကြားမှ အတင်းတိုးဝှေ့၍ တိုင်ကြားစာ တစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက် သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သထုံ ဒေသခံတို့ တွေဆုံပွဲတွင် သထုံမြို့မဈေး မီးလင်းရေး သထုံတိုးဂိတ်အလွန် ယာဉ်တိုက်မှု ဖြစ်လေ့ရှိ သော ရထားသံလမ်းကူးတွင် ရောင်ပြန်မီးတပ်ဆင်ပေးရေးနှင့် သုဓမ္မဝတီ ဘောလုံးကွင်းရရှိရေးကိစ္စ တို့အတွက် တင်ပြရာတွင် လေသံမာသည်ဟု မြို့နယ်တရားသူကြီးက စီရင်ချက်တွင် မှတ်ချက် ဆိုသည်။ 

ဝန်ကြီးချုပ် တွေ့ဆုံပွဲအပေါ် လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်က "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့်" သထုံမြို့နေ မွန်ပြည်နယ်၊ တိုင်းရင်းသားလူမျိုးရေးရာအဖွဲ့ဝင် ဦးစောကျော်မိုးက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

ဦးအောင်ကိုကိုလွင်အမှုနှင့်ပတ်သက်ပြီး အပြုသဘောမဆောင်ဘဲ ပုဂ္ဂိုလ်ရေး ထိခိုက် ပုတ်ခတ်သည် မှာ ထင်ရှားသဖြင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ အရ ပြစ်မှုထင်ရှားကြောင်း ရုံးတော်မှ သတ်မှတ်ခဲ့သည်။ 

" ဦးအောင်ကိုကိုလွင်အနေနဲ့ ပထမအကြိမ်လည်းဖြစ်တယ်။ လူမှုအကျိုးပြုတွေကိုလည်း လုပ်ခဲ့တယ်။ ဒါကြောင့် အလုပ်နှင့်ထောင်ဒဏ် ၁နှစ် ချမှတ်တယ်"ဟု မြို့နယ်တရားသူကြီး ဒေါ်သီတာက စီရင်ချက်တွင် ရှင်းလင်းခဲ့သည်။ 

ဦးအောင်ကိုကိုလွင်သည် မွန်ပြည်နယ် အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများကွန်ရက်မှ သထုံအရပ်ဖက် အခြေပြု လူမှုအဖွဲ့အစည်း များ ကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ဖြစ်သည်။


mizzima

0 comments:

Post a Comment