Sunday, September 30, 2018

ကိုရီးယား လဝက ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သည့် ကိုသန်းဇော်ဌေးအတွက် ဆုတောင်းပွဲပြုလုပ်


ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ဌာနက ဝင်ရောက်ဖမ်းဆီးမှုကြောင့် သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ကိုသန်းဇော်ဌေးအတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့ စက်တင်ဘာ ၃၀ ရက်နေ့က ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ 
အဲဒီဆုတောင်းပွဲကို ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းဘူတာရှေ့မှာ လူဦးရေ ၃၀၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကိုရီးယားနိုင်ငံရဲ့ လဝက လမ်းညွှန်ချက်မှာ လူ့အခွင့်ရေး ဦးထိပ်ထားပြီး ဖမ်းဆီးမှုတာဝန်ကို ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာ အပြောနဲ့အလုပ် ညီညွတ်မှုမရှိတဲ့အပြင် ဆေးရုံမှတ်တမ်းတွေမှာလည်း မိမိကိုယ်ကိုယ် သတ်သေတယ်လို့ ဖော်ပြခဲ့တာကြောင့် အဖြစ်မှန်ပေါ်ပေါက်စေဖို့အတွက် အခုလို ဆုတောင်းပွဲ ပြုလုပ်ရတာလို့ ဦးဆောင်သူ ကိုစိုးမိုးသူက ပြောပါတယ်။ 

သြဂုတ် ၂၂ ရက်နေ့က ကိုရီးယားနိုင်ငံမှာ ဗီဇာသက်တမ်းကျော်လွန်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုသန်းဇော်ဌေးကို ကိုရီးယား လဝက ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ထွက်ပြေးတိမ်ရှောင်ရင်း အမြင့်ပေ ၈ မီတာကနေပြုတ်ကျပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရကာ ဆေးကုသခံယူစဉ်မှာပဲ သေဆုံးခဲ့ရတာပါ။ 

ကွယ်လွန်ပြီးနောက် ကိုသန်းဇော်ဌေးဟာ မိမိရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ကိုရီးယား လူမျိုး ၄ ဦးအတွက် ပေးလှူခဲ့ကြောင်း ကိုရီးယား သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 

သတင်း-ကိုမိုက်ကယ် (ကိုရီးယား)
DVB


0 comments:

Post a Comment