Sunday, September 30, 2018

ရခိုင်တွင် မိုးကြိုးပစ်ခံရ၍ လူ ၄ ဦး သေဆုံး


ရခိုင်ပြည်နယ် မြို့နယ်နှစ်ခုမှာ စက်တင်ဘာ ၂၉ ရက်နေ့က တရက်တည်း မိုးကြိုးပစ်ခံရတာကြောင့် လူ ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာမှာ စက်တင်ဘာ ၂၉ ရက်နေ့ က လယ်ကွင်းပြင်မှာ မြက်ရိပ်နေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ မိုးကြိုးထိမှန် သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းက ဒီဗွီဘီကိုပြောပါတယ်။ 

“မနေ့ကညနေကဖြစ်တာပါ။ ဖြစ်သွားတဲ့ နေရာနဲ့ ရွာနဲ့ သိပ်မဝေးဘူး။ အဲ့ဒီမှာ လယ်ကွင်းပြင်မှာ သူတို့က မြက်ရိပ်နေကြတာပါ။ အမျိုးသမီးကတော့ တဲထဲမှာ ထမင်းဟင်းချက်နေတာ။ အဲ့ဒီမှာ သုံးယောက်လုံး မိုးကြိုးပစ်ခံရတာ၊ နေရာမှာပဲ သုံးယောက်လုံး ဆုံးသွားပါတယ်။ မိုးကလည်း အရမ်းရွာနေတယ်။ ဆုံးသွားတဲ့ လင်မယား နှစ်ယောက်ရဲ့ ကလေးလည်း အဲ့ဒီနားမှာရှိတယ်။ အဲ့ဒီကလေးကဘာမှမဖြစ်ဘူး။ ကလေးအသက် ၄ နှစ်ပဲရှိတယ်။” 

မိုးကြိုးပစ်ခံရတာကို အနီးအနားတဲမှ လူတဦးက မြင်လိုက်လို့ ကလေးငယ်ကို ကယ်တင်ခဲ့ပြီး ကျေးရွာက သက်ဆိုင်ရာလူကြီးတွေကို အကြောင်းခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံး အလောင်းတွေကို မြောက်ဦးဆေးရုံ သယ်ယူလာပြီး မြေမြုပ်သဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ဒါ့အပြင် တောင်ကုတ်မြို့နယ် ရွာမရွာသစ်ကျေးရွာမှာလည်း စက်တင်ဘာ ၂၉ ရက်နေ့ညနေပိုင်းက အသက် ၁၁ အရွယ် ကျောင်းသား ၁ ဦး မိုးကြိုးပစ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ 

မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသူတွေကတော့ ကိုဘလိုင် အသက် ၂၉ နှစ်၊ ကိုကျော်တင်ဝင်း ၂၇ နှစ်နဲ့ မဆန်းမြရီ ၂၅ နှစ်နဲ့ အသက် ၁၁ အရွယ် မောင်းဝင်းဗိုလ်ဗိုလ်မြင့်တို့ ဖြစ်ကြပါတယ်။ 

သေဆုံးသွားတဲ့သူတွေကို ပြည်နယ်ဘေးအန္တရာယ် ဒီကနေ့ မှောထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမရုံရုံး ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။ 

“မြောက်ဦးက မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ ၃ ဦးကိုတော့ ကျနော်တို့ ဘေးအန္တရာယ်စီမံခန့်ခွဲ့မရုံးက တယောက် ၃ သိန်းနှုန်းနဲ့ ထောက်ပံပေးထားပါတယ်။ နေအိမ်ပျက်စီးသွားတာလည်းရှိတယ်။ အဲ့ဒါအတွက်လည်း ထောက်ပံ့ပေးထားပါတယ်။ တောင်ကုတ်မှာ မိုးကြိုးပစ်တဲ့ သေဆုံးမှုစာရင်းကတော့ ကျနော်တို့ဆီမရသေးဘူး။” 

သတင်း-၀ဏ္ဏခွာညို
DVB

0 comments:

Post a Comment