Saturday, September 29, 2018

ဘားအံမြို့ တန်းဖိုးနည်း တိုက်ခန်းဖိုးပေးသွင်းငွေများကို ဘဏ်တိုးဖြင့် ပြန်ပေးရန်ညွှန်ကြား


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း တန်ဖိုးနည်းတိုက်ခန်းဆောက်လုပ်ရာမှာ စာချုပ်ပါ စည်းကမ်းချက် မလိုက်နာဘဲ ဖောက်ဖျက်ခဲ့တဲ့ ကုမ္ပဏီ ၂ ခုအနေနဲ့ တိုက်ခန်းဖိုး ငွေသွင်းထားသူတွေကို ဘဏ်တိုးငွေနဲ့ အတိုးရော အရင်းပါ ပြန်ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ၀န်ကြီးက ပြောပါတယ်။ 
စက်တင်ဘာ ၂၆ ရက် မနက် ၁ဝ နာရီက ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မြဌေးကြွယ်လင်း ကုမ္ပဏီနဲ့ THE INFRA STRUCTURE OF MYANMAR ဆောက်လုပ်ရေးကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်နေတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေနဲ့ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်ကြီး အောင်မြင့်ထွန်းရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦစိုးလှိုင်က “လူနာမည်နဲ့ တနေ့ကို လူ ၂ဝဝ ထုတ်ပေးမယ်။ အတိုးကော အရင်းပါ သူစုထားတာ ဘယ်လောက်ရှိလဲ၊ သူရဲ့ အတိုးဘယ်လောက်ရှိလဲ အကုန်လုံးကို လက်မှတ်ထိုးပြီးတော့ ဘဏ်ကနေတိုက်ရိုက်ပေးမှာ။ ဦးစောသန်းမြတို့က ပေးမှာမဟုတ်ဘူး။ လျှောက်တဲ့လူ အကုန်လုံး ဘဏ်ကိုတိုက်ရိုက်အပ်တာ။ စုငွေဆောင်းငွေနဲ့ အတိုးကော၊ အရင်းကော တခါတည်းပေးလိုက်မှာ ”လို့ ပြောပါတယ်။ 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်ကြီး အောင်မြင့်ထွန်းက “အဲဒီမှာ ကုမ္ပဏီသုံးခုက စာချုပ်ပါ စည်းကမ်းတွေ မလိုက်နာဘူး၊ ဖောက်ဖျက်တယ်။ အမှန်တကယ်တော့ စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် ကျနော်ရဲ့ဆန္ဒအရတော့ ဖောက်ဖျက်တဲ့ကုမ္ပဏီကို ဘလက်ခ်လစ်စ် သွင်းရမယ်။ ထိရောက်စွာအရေးယူမှုလုပ်မှတာ နောင်ကုမ္ပဏီတွေက ဒီလိုမျိုးမလုပ်ရဲမှာပေါ့။ ပိုက်ဆံပြန်ရရုံနဲ့တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုကတော့ ပြန်အလျော်မရနိုင်ဘူး” လို့ ပြောပါတယ်။ 

ဘားအံမြို့နယ် ငြိမ်းချမ်းသာယာနဲ့ လုပ်သားကျေးရွာ မြေဧက ၂ဝ ပေါ်မှာ အခြေခံ လူတန်းစားပြည်သူတွေနဲ့ ပြည်သူဝန်ထမ်း(ငြိမ်း)တွေနေထိုင်ဖို့ မြဌေးကြွယ်လင်းကုမ္ပဏီနဲ့ THE INFRA STRUCTURE OF MYANMAR ဆောက်လုပ်ရေးကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်နေတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို ၂ဝ၁၈ ခုနှစ်၊ ဇွန်လမှာ ဝယ်ယူထားသူတွေကို အပ်နှံဖို့ စာချုပ်ချုပ်ဆိုထားခဲ့တာပါ။ 

အဆိုပါတိုက်ခန်းတွေကို ဒီနေ့တိုင်အပ်နှံမှုမရှိတဲ့အတွက် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်ကျူးလွန်ခဲ့တဲ့အတွက် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ဘားအံဘဏ်ခွဲကနေ ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။ 

အဆိုပါ တန်ဖိုးနည်းတိုက်ခန်း တည်ဆောက်ရေးအတွက် ကုမ္ပဏီနဲ့ ပြည်နယ်အစိုးရကြား သဘောတူစာချုပ်ကို ယခင် အစိုးရနဲ့ လက်ရှိအစိုးရ လက်ထက်မှာလည်း လက်မှတ်ထိုးပေးထားခြင်း မရှိသလို လက်ရှိအစိုးရအနေနဲ့ ပြည်သူတွေ မနစ်နာအောင် ကြီးကြပ်ပေးတာပဲရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။ 

အဆိုပါ တန်ဖိုးနည်းတိုက်ခန်းတွေကို ကုမ္ပဏီအနေနဲ့ အရင်က ၁ ခန်းကို ကျပ်သိန်း ၈ဝ နဲ့ နှစ် ၃ဝ စာချုပ်နဲ့ ၄ ခန်းတွဲ ၅ ထပ်အဆောက်အဦ ၁၂ဝ လုံး၊ အခန်းပေါင်း ၂၄ဝဝ ခန်း ဆောက်လုပ်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

၂ နှစ်တာကာလအတွင်း ကုမ္ပဏီအနေနဲ့ တည်ဆောက်မှု ၂ဝ ရာခိုင်နှုန်းသာ ဆောက်လုပ်ထားမှု ပြီးစီးပြီး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့အတွက် တိုက်ခန်းတန်ဖိုးကို မြေညီထပ် ၂၅၅ သိန်း၊ ဒုတိယထပ် ၂၁ဝ သိန်း၊ တတိယထပ် ၁၈၅ သိန်း၊ စတုတ္ထထပ် ၁၃၅ သိန်း၊ ပဉ္စမထပ် ၁ဝ၅ သိန်းကို ၁၅ နှစ် အရစ်ကျ ပြင်ဆင်ပေးသွင်းဖို့ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ရဲမင်းခေါင်
DVB

0 comments:

Post a Comment