Sunday, September 30, 2018

သာစည်တွင် မိုးသက်လေပြင်းကြောင့် လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီး


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာပုလဲလေးကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ 
သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးက “လိုအပ်တာတွေ အကူအညီပေးနိုင်ဖို့ ပြောထားတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး၊ သွပ်အချပ်ရေ ၉၀ နီးပါး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။ 

ရွာပုလဲလေးရွာခံတဦးက “မိုးရော လေရော တပြိုင်တည်း လိုပါပဲ။ အဲအချိန်တုန်းက ကြောက်စရာပါပဲ။ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေက အားလုံး စီစဉ်ပေးတယ်၊ မိုးထပ်ရွာရင် အမိုးလန်သွားတဲ့ မိသားစုတွေကို နီးစပ်ရာအိမ်တွေမှာ နေရာချပေးတယ်” လို့ ပြောပြပါတယ်။ 

သာစည်မြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း မိုးသက်လေပြင်း ကျရောက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း) 
DVB




0 comments:

Post a Comment