Saturday, September 29, 2018

တတိယတန်းကျောင်းသား ကလေးတစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးက ပြန်ပေးဆွဲ၍ ငွေတောင်းမှုဖြစ်ပွား



ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက္ကံမြို့ (၁၄)ရပ်ကွက် တကောင်း (၁)လမ်းနေ တတိယတန်းကျောင်းသားတစ် ဦးအား စက်တင်ဘာ ၂၇ ရက်တွင် အမည် မသိ အမျိုးသားတစ်ဦးက ပြန်ပေးဆွဲ၍ ငွေတောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ (၁၄)ရပ်ကွက် အမှတ်(၁၄/၇) မ-၈၃၁ နေ ဦးအေးထွန်းနှင့် ဒေါ်သဲစုတို့၏ သား မောင်ထွဋ်အာကာဖြိုးသည် စက်တင် ဘာ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ဈေးဝယ်ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာ ခြင်းမရှိသဖြင့် ၄င်း၏ မိဘများသည် ညနေ ၄ နာရီမှစ၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြပြီး ထူးခြားမှုမရှိသောကြောင့် ည ၆ နာရီခွဲတွင် ရွှေပေါက္ကံနယ်မြေရဲစခန်းသို့ လူပျောက် တိုင်ကြား၍ အမှုဖွင့်လှစ်ခဲ့ရာ ၄င်းရဲစခန်းမှ လူပျောက်အမှတ်စဉ်၊ ၁၄/၂ဝ၁၈ ဖြင့် အမှု လက်ခံထားကြောင်း သိရှိရသည်။ 
ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် အမျိုးသား တစ်ဦးက ဝ၉-၈၉၈ဝ၄၃၉၂၂ ဖုန်းနံပါတ်ဖြင့် မောင်ထွဋ်အာကာဖြိုး၏ မိဘများထံသို့ ငွေ ကျပ် ၁၅ သိန်းပေးအပ်ရန် မြောက်ဥက္ကလာပ မြို့နယ် ခြောက်ကွေ့လမ်းဆုံသို့လည်းကောင်း၊ည ၉ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းပေါ်ရှိ နီလာမှတ်တိုင်နေရာသို့လည်း ကောင်း၊ ည ၁ဝ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့ နယ် ပြည်လမ်းပေါ်ရှိ ရွှေညောင်ပင်မှတ်တိုင် နေရာသို့လည်းကောင်း နေရာပြောင်းကာ ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါနေရာများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်ရှာဖွေစုံစမ်းခဲ့သည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနယ်မြေအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ရှာဖွေစုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ယနေ့နံနက် ၆ နာရီခန့်တွင် တတိယတန်း ကျောင်းသား မောင်ထွဋ်အာကာဖြိုးကို ၄င်း နေထိုင်ရာရပ်ကွက် တကောင်း(၁)လမ်းထိပ်၌ ကားတစ်စီးက လာရောက်ချထားခဲ့သဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ လည်း အမှုပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 


ရန်ကင်း

0 comments:

Post a Comment