Sunday, September 30, 2018

တရုတ်တွင် HIV/AIDS ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်၊ လိင်ကိစ္စကြောင့်ဖြစ်ဟု တွေ့ရှိ


တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် HIV နှင့် AIDS ရှိသူ ဦးရေမှာ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ထိုရောဂါပိုးကူးစက်ခံရခြင်းသည် သွေးသွင်းခြင်းကြောင့်မဟုတ်ဘဲ လိင်ကိစ္စမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်ကို တွေ့ရှိရသည်ဟု ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံတွင် လူပေါင်း ၈၂၀၀၀၀ ကျော်ခန့်မှာ HIV နှင့် AIDS ကူးစက်ခံထားရသည်။ ယင်းအနက် လူ ၄၀,၀၀၀ ခန့် မှာ ၂၀၁၈ တစ်နှစ်တည်းတွင် HIV နှင့် AIDS ရှိနေကြောင်း တွေ့ရှိခဲ့သည်။

ကူးစက်ခံရသူအများစုမှာ လိင်ကိစ္စမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ရာ အတိတ်ကာလကနှင့် ကူးစက်ပုံမတူညီကြောင်း အာဏာပိုင်များက ဆိုသည်။

HIV နှင့် AIDS သည် တရုတ်ပြည် နေရာအချို့တွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လေ့ရှိပြီး သွေးသွင်းခြင်းကြောင့် ကူးစက်ခံရသည်က များသည်။ လိင်ကိစ္စမှတစ်ဆင့် HIV/AIDS ကူးစက်ခံရသည့်အမှုမှာ လုံးဝမရှိသလောက် နည်းပါးခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့က ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

တစ်နှစ်ပြီးတစ်နှစ် HIV နှင့် AIDS နှင့်အတူ နေထိုင်ရသော လူဦးရေမှာ တရုတ်ပြည်တွင် မြင့်တက်လျက်ရှိရာ ယခုဆိုလျှင် လူတစ်သိန်းခန့်ရှိပြီဖြစ်သည်။

လိင်ကိစ္စမှတစ်ဆင့် HIV ပိုးကူးစက်ခံရမှုဟူသည်မှာ တရုတ်နိုင်ငံ၏ လိင်တူချစ်သူများ အသိုင်းအဝိုင်းတွင် ဆိုးရွားသည့် ပြဿနာကြီးတစ်ရပ် ဖြစ်လာသည်။ တရုတ်နိုင်ငံတွင် ၁၉၉၇ ခုနှစ်ကစတင်ကာ လိင်တူချစ်ကြိုက်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးခဲ့သည်။ သို့သော် လိင်တူချစ်ခင်သူများအပေါ် ခွဲခြားဆက်ဆံမှုများမှာ ဆက်ရှိနေဆဲဖြစ်သည်။

တရုတ်ပြည်၏ ရှေးရိုးဆန်သော စံသတ်မှတ်ချက်များကြောင့် ယောကျာ်းလေး ၇၀ မှ ၉၀ ရာခိုင်နှုန်းခန့်သည် လိင်တူချင်း ဆက်ဆံခဲ့သော်လည်း နောက်ဆုံးတွင် မိန်းကလေးတစ်ဦးကို လက်ထပ်သွားကြကြောင်း သုတေသနစစ်တမ်းတစ်ရပ်က တွေ့ရှိထားသည်။ ရောဂါပိုးကူးစက်ခံရမှု အများစုမှာ အကာအကွယ်ကင်းမဲ့သည့် လိင်ဆက်ဆံမှုများကြောင့်ဖြစ်သည်ကို စစ်တမ်းက တွေ့ရှိခဲ့သည်။

တရုတ်အစိုးရက HIV နှင့် AIDS ရောဂါကုသရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးကုသမှု ခံယူခွင့်ရရှိစေရမည်ဟု ၂၀၀၃ ခုနှစ်က ကတိပေးခဲ့သည်။

The Voice

0 comments:

Post a Comment