Sunday, September 30, 2018

နှလုံးနှင့် နှလုံးသွေးကြောရောဂါဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖြစ်ပွားနေပြီး ကမ္ဘာတွင် နှစ်စဉ် လူနာ ၁၇ သန်းကျော် သေဆုံးနေ


နှလုံးနှင့် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနေပြီး ကမ္ဘာတွင် နှစ်စဉ် နှလုံးနှင့် နှလုံးသွေးကြောရောဂါ လူနာပေါင်း ၁၇ သန်းကျော် သေဆုံးနေကြောင်း စက်တင်ဘာ ၂၇ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။ 
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် နှလုံးနှင့် နှလုံးသွေးကြောရောဂါများ အပါအ၀င် မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုများပြားလျက်ရှိပြီး နှလုံးနှင့် နှလုံးသွေးကြော ရောဂါများကြောင့် ရုတ်တရက် သေဆုံးမှုများလည်း ဖြစ်ပွားစေနိုင်ကြောင်း နှင့် လက်ရှိ နှလုံးသွေးကြောပိတ်လူနာများကို ပိုမိုထိရောက်စွာ ကုသနိုင်ရန် နှလုံးအထူး ကြပ်မတ်ကုသမှုဌာန (Coronary Care Unit) များကို တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြည့်သူ့ဆေးရုံကြီး ခြောက်ရုံတွင် ဖွင့်လှစ်ရန် လျာထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

ထိုကဲသို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ နယ်အဆင့်ဆေးရုံများတွင် နှလုံးရောဂါနှင့် နှလုံးရောဂါအရေးပေါ် အခြေအနေများကို ကုသမှုပေးနိုင်ခြင်းဖြင့် လူနာများအနေဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးများတွင် သွားရောက်ကုသရန် လိုအပ်မှုလျော့နည်းသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိလျာထားသည့် ပြည်သူ့ဆေးရုံကြီးများတွင် ဖွင့်လှစ်နိုင်ရန် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ ခြင်းနှင့် သင်တန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကုဌာန၌ ရုတ်တရက် နှလုံးသွေး ကြောပိတ်လူနာများကို အရေးပေါ်နှလုံး သွေးကြောချဲ့သည့်နည်းပညာဖြင့် ၂၄ နာရီ ကုသမှုပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ အရေးပေါ် လူနာများကို ကုသမှုပေးနိုင်ရန် စင်ကာပူနိုင်ငံ Tan Tock Seng Hospital၊ Temasek Foundation ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် မတ်လမှ၂၀၁၆ ခုနှစ် ဇွန်လအတွင်း စီမံချက်တစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါစီမံချက်တွင် နှလုံးအထူးကုဆရာဝန်များ၊ နှလုံးဆေးကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုများ၊ ဓာတ်မှန်ကျွမ်းကျင်များကို နည်းပညာပိုင်းဆိုင်ရာ သင်တန်းများပေးခဲ့ပြီး ရုတ်တရက် နှလုံးသွေး ကြောပိတ်လူနာများကို အရေးပေါ်နှလုံးသွေးကြောချဲ့နည်းပညာဖြင့် လူနာပေါင်း ၂၀၀ ကျော်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

နှလုံးသွေးကြောရောဂါသည် ကမ္ဘာပေါ်တွင် အများဆုံးသေကြေသော ရောဂါဖြစ်ပြီး တစ်နှစ်လျှင် လူပေါင်း ၁၇ ဒသမ ၂ သန်းခန့် သေဆုံးမှုရှိနေကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါဆိုသည်မှာ နှလုံးသွေး လွှတ်ကြောနံရံများတွင် အဆီများစုပုံလာရာမှ သွေးကြောနံရံများ ထူလာပြီး သွေးစီးလမ်းကြောင်းကျဉ်းသွားခြင်း သို့မဟုတ် လုံးဝပိတ်သွားခြင်းတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နှလုံးသွေးကြောကျဉ်းနေပါက နှလုံးကြွက်သား ရှင်သန်မှုအတွက် လိုအပ်သောသွေးများနှင့် အောက်ဆီဂျင်ပမာဏ လုံလောက်စွာ မရရှိတော့သဖြင့် ရင်ဘတ်အောင့်ခြင်း၊အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်သွား ခြင်းတို့ဖြစ်လာနိုင်ကြောင်းနှင့် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေသော အဓိကအကြောင်းရင်းများမှာ သွေးတိုးရောဂါရှိခြင်း၊ သွေးတွင် အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုနည်းပါးခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment