Sunday, September 30, 2018

စွဲဆိုခံအမှုအတွက် ရှေ့နေမငှားဘဲ ကိုယ်တိုင်ထုချေမည်ဟု Orchid Hotel ပိုင်ရှင် ဆို


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စွဲဆိုထားသည့် တရားမကြီးအမှုကို ရှေ့နေမငှားဘဲ ကိုယ်တိုင် ထုချေ လျှောက်တင်သွားမည်ဟု ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel ပိုင်ရှင် ဦးဌေးအောင်က ဆိုသည်။ 
“ရှေ့နေ ရှေ့ရပ်နဲ့မှသာလျှင် လုပ်ကိုင်ရတဲ့အစဉ်အလာတစ်ခုကို ဖောက်ဖျက်ပြီးတော့ အရပ်သားတစ်ယောက်က တရားခွင်မှာ ထုချေ ချေပသွားတယ်ဆိုတာကို ပြချင်တဲ့အတွက်ကြောင့်ပါ” ဟု ဦးဌေးအောင်က ဆိုသည်။ 

ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကို ငွေကြေးရလိုမှု တရားမကြီးအမှု အမှတ်(၂၂) ဖြင့် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စွဲဆိုခဲ့သည်။ 

လက်ရှိအချိန်တွင် အမှုအခြေအနေသည် ထုချေလွှာတင်ရမည့်အဆင့်သို့ ရောက်ရှိနေပြီး ရှေ့နေပါဝါ ရုပ်သိမ်းကာ ကိုယ်တိုင် ထုချေသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဦးဌေးအောင်သည် ဟိုတယ်လုပ်ငန်းပိုင်ရှင် တစ်ဦးဖြစ်ပြီး Orchid ဟိုတယ် ၊ ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ် စသည့်တို့ကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ဦးဌေးအောင်အကြား တရားရင်ဆိုင်မှုများလည်း ရှိခဲ့သည်။

မဇ္ဈိမ

0 comments:

Post a Comment