မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ကျင်းပသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာတို့ လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
''ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တရားမဝင် ရောက်ရှိနေထိုင်ကြတဲ့ ဘင်္ဂါလီတွေနဲ့ ARSA အကြမ်းဖက် အဖွဲ့တို့က တိုင်းရင်းသားတွေကို သတ်ဖြတ် အကြမ်းဖက်မှုပြုလုပ်တဲ့ အခါမှာ တပ်မတော်က ဝင်ရောက်ကာကွယ် ထိန်းသိမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ တပ်မတော်သည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်များကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်း ဖြစ်ပါတယ်။တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆိုတဲ့ အသိစိတ်ဖြင့် ယနေ့ရွှေဘိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခြင်းဖြစ်ပါတယ်''ဟု ရွှေဘိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးကျင်သောင်း (ဗိုလ်မှူး-ငြိမ်း)က ပြောကြားသည်။
တပ်မတော်ထောက်ခံပွဲများ ကျင်းပမှု အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင်သုံးကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂ဝ၁၈ ခုနှစ်တွင် ယနေ့အပါအဝင် ၂၃ ကြိမ် စုစုပေါင်း ၄၁ ကြိမ် ကျင်းပခဲ့ပြီး အင်အား ၅၈၈၈၈၅ ဦးဖြစ်ကာ ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ် များ၌လည်း ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment