Thursday, September 27, 2018

ကုလသမဂ္ဂ အထွေထွေညီလာခံအဖွင့်တွင် အတွင်းရေးမှူးချုပ်ကကမ္ဘာ့တည်ငြိမ်အေးချမ်းမှုပုံစံ ပျက်ပြားနေပြီဟု သတိပေး


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အင်္ဂါနေ့က အထွေထွေညီလာခံ အဖွင့်တွင် စည်းမျဉ်းစည်းကမ်း အခြေပြုသော ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုပုံစံသည် ပျက်ပြားစေမည့် ခြိမ်းခြောက်မှုများကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ဟု သတိပေးပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ 
ကမ္ဘာ့နိုင်ငံများအကြားနှင့် စည်းမျဉ်းအခြေပြု ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုပုံစံအတွင်း၌ ယုံကြည်မှုသည် စိုးရိမ်မှတ်သို့ ရောက်ရှိနေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခက်ခဲလာနေသည်ဟု ဂူတာရက်စ်က ပြောကြားသည်။ 

“ဒီနေ့ ကမ္ဘာကြီးရဲ့ပုံစံဟာ ပိုမိုရှုပ်ထွေးလာပါတယ်။ အာဏာဆက်နွှယ်မှုတွေကလည်း ရှင်းလင်းသဲကွဲမှု မရှိတော့ပါဘူး။ အားလုံးနဲ့ဆိုင်တဲ့ တန်ဖိုးတွေကလည်း တိုက်စားခြင်းခံနေရတယ်။ ဒီမိုကရေစီစည်းမျဉ်းတွေကလည်း ဖိနှိပ်ခံနေရတယ်”ဟု ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ အထွေထွေညီလာခံသို့ ဂူတာရက်စ်က ပြောကြားခဲ့သည်။ 

ဂူတာရက်စ်က တစ်နိုင်ငံချင်း ရွေးထုတ်ဝေဖန်ခြင်းမပြုခဲ့သော်လည်း ကမ္ဘာကြီးသည် ဩဇာစည်းဝိုင်းများအဖြစ်သို့ ခွဲထုတ်ပုံသွင်းခြင်း ခံနေရပြီး ကြီးမားသော အာဏာပြိုင်ဆိုင်မှုဆီသို့ ပြန်လှည့်သွားမည်ကို ကုလသံတမန်များအကြား စိုးရိမ်မှုများရှိနေသည်။ 

အမေရိကန်မှ ထရမ့်အစိုးရသည် နိုင်ငံတကာ သဘောတူစာချုပ်များအပေါ် မယုံကြည်မှုကို ရှင်းလင်းစွာပြသနေပြီး အီရန်နျူကလီးယားစာချုပ်၊ ပဲရစ်ရာသီဥတု စာချုပ်တို့မှ နုတ်ထွက်ခဲ့ပြီး ကုလသမဂ္ဂသို့ ရန်ပုံငွေ ထောက်ပံ့မှုကိုလည်း လျှော့ချခဲ့သည်။ 

အမေရိကန်၏ သဘောထားသည် တရုတ်နှင့် ရုရှားတို့အား လူ့အခွင့်အရေးကို ဖွံ့ဖြိုးရေးနှင့် အချုပ်အခြာ ရပိုင်ခွင့်များ၏ နောက် ဒုတိယတန်းသို့ ပို့ထားသည့် ၎င်းတို့၏အမြင်ကို ရှေ့တန်းတင်လာအောင် အားပေးရာရောက်သည်ဟု ကုလသံတမန်များက ပြောကြားသည်။ 

“ဒီနေ့ကမ္ဘာမှာ အာဏာချိန်ခွင်လျှာ ပြောင်းရွှေ့မှုတွေနဲ့အတူ ထိပ်တိုက်ရင်ဆိုင်မှု အန္တရာယ်တွေလည်း မြင့်တက်လာပါတယ်။ လူ့အခွင့်အရေးအစီအစဉ်က နေရာမရတော့ဘဲ အာဏာရှင်ဝါဒက ခေါင်းထောင်ထလာပါတယ်။ ရှေ့ဆက်ရမည့် လမ်းပျောက်နေပေမယ့် အားလုံးကောင်းဖို့အတွက် အားလုံးစုစည်းပါဝင် လုပ်ဆောင်ကြဖို့ လိုပါတယ်”ဟု ဂူတာရက်စ်က ဆိုသည်။ 

ကမ္ဘာလုံးဆိုင်ရာ ပြဿနာများစာရင်းကို ဆွဲထုတ်ပြသောဂူတာရက်စ်က “ဆီးရီးယားမှာ၊ ယီမင်မှာ စစ်ကိုအဆုံးသတ် နိုင်စွမ်းမရှိလို့ ကျွန်တော်တို့ကို အမျက်ထွက်နေကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကလည်း ဘေးကင်းမှုနဲ့ တရားမျှတမှုကို ရှာဖွေရင်း ဒုက္ခတွေ့နေကြဆဲပါပဲ။ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံအရေးကိစ္စ အဖြေထွက်ဖို့ကလည်း ပိုပြီးအလှမ်းဝေးလာပါတယ်”ဟု ပြောကြားသည်။ 

ရာသီဥတုပြောင်းလဲမှုအရေးသည် အရေးပေါ် ဦးစားပေးကိစ္စဖြစ်ပြီး ၂ နှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရန် လုံလောက်သောဆောင်ရွက်မှု မရှိပါက ကမ္ဘာကြီးသည် ထိန်းမနိုင်သိမ်းမရ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်ကြရလိမ့်မည်ဟု ဂူတာရက်စ်က သတိပေးလိုက်သည်။ 

ယခုနှစ် ကုလအထွေထွေညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အီရန်သမ္မတ ဟာဆန်ရိုဟာနီ၊ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၁၃၀ ခန့် တက်ရောက်လျက်ရှိသည်။ 

The Voice

0 comments:

Post a Comment